
မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က မေ ၁၀ ရက်နေ့ တရက်တည်းမှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူ ၂၀ လောက်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ သိရပါတယ်။
Wetlet Information Network ရဲ့ တာဝန်ခံ ကိုနဂါလေး က “တံတားဦးလေဆိပ်ကတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ နေ့လယ် ၁ နာရီ ၁၀ မိနစ်လောက်မှာ မန္တလေးတိုင်းထဲက သပိတ်ကျင်းမြို့နယ်မှာရှိတဲ့ ဇရပ်ကွင်းရွာကိုဗုံး ၁ လုံးကြဲပြီး ၅ မိနစ်လောက်ခြားပြီးမှ စဉ့်ကူးမြို့နယ်ထဲက ကျည်တောက်ပေါက်ရွာကို ဗုံး ၁ လုံးထပ်ချတာ။ မိနစ်ပိုင်းလေးပဲခြားတယ်။ ဗုံးကြဲတဲ့လေယာဉ်က ၁ စင်းတည်းရယ်။ စစ်ကိုင်းတိုင်းထဲက ဝက်လက်မြို့နယ်က ရွာတော်ကုန်းရွာကတော့ ညနေ ၄ နာရီခွဲလောက်မှာ လေကြောင်းတိုက်ခိုက်ခံလိုက်ရတာပါ” လို့ ပြောပါတယ်။
ရွာတော်ကုန်းရွာအနီးကို ညနေ ၄ နာရီ ၄၅ မိနစ်အချိန်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီး ၇ ယောက်နဲ့ အမျိုးသား ၁ ယောက် သေဆုံးခဲ့ရပြီး အမျိုးသမီး ၁ ယောက်ကတော့ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဝက်လက် ဒေသခံ တယောက်က “တံတားဦးက တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံးသီး ၂ လုံး ကြဲချသွားတယ်ဗျ။ အဲဒီလို ကြဲချလို့ အမျိုးသမီး ၇ ယောက်နဲ့ အမျိုးသား ၁ ယောက် နေရာတင်ပွဲချင်ပြီး သေဆုံးခဲ့ရတယ်။ နောက်ထပ် အမျိုးသမီး ၁ ယောက်လည်း ပျောက်ဆုံးနေတယ်။ ဗုံးမှန်ပြီး တစစီ ဖြစ်သွားတာလားတော့ မသိရသေးဘူး။ အလောင်းလည်း ရှာမတွေ့သေးဘူး။ အလောင်းကောက်ရတဲ့ ၈ ယောက်ကတော့ သင်္ချိုင်းကုန်းကို ပို့ဆောင်ထားတယ်။ အဲဒီလိုပို့ပြီး ကိစ္စကုန်ဖို့ လုပ်နေတဲ့အချိန် လေယာဉ်ထပ်ဝဲလို့ လူစုခွဲပြီး ခဏရှောင်လိုက်ရသေးတယ်” လို့ ပြောပါတယ်။
ရွာတော်ကုန်းကျေးရွာဟာ ရွာသာကြီးရွာနဲ့ လှတောရွာကြားက လူနေအိမ် ၂၀၀ နီးပါးရှိတဲ့ ရွာဖြစ်ပြီး ဗုံးကြဲခံရလို့ လူနေအိမ် ၆ လုံး၊ စပါးကျီ ၁ လုံး၊ ဆီခုံ ၁ ခုံ၊ ဆိုင်ကယ် ၁ စီးနဲ့ ရေစုပ်စက် ၁ လုံး မီးလောင်သွားတယ်လို့လည်း သိရပါတယ်။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းရွာကိုလည်း ဗုံးကြဲခဲ့လို့ ရွာသား ၅ ယောက်သေဆုံး၊ ၁၀ ယောက်ကျော်ဒဏ်ရာရပြီး အိမ် ၃ လုံးလောက်ပျက်စီးတယ်လို့ သပိတ်ကျင်းမြို့နယ် ပကဖ တာဝန်ခံ ကိုနဂါးနီ က DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၇ ရက်နေ့၊ နေ့လယ်ပိုင်းကလည်း သပိတ်ကျင်းမြို့နယ်တောင်ခြမ်းက ရေထွက်ကျေးရွာကို စစ်ကောင်စီတပ်ကလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၁ ယောက်သေဆုံး၊ ၁၀ ယောက် ထက်မနည်းထိခိုက်ဒဏ်ရာရခဲ့ကြသလို လူနေအိမ် ၅ လုံးထက်မနည်း ပျက်စီးခဲ့သေးတယ်လို့ သူက ဆက်ပြောပါတယ်။
သပိတ်ကျင်းမြို့နယ်၊ ကျည်တောက်ပေါက်ရွာကိုလည်း စစ်ကောင်စီက ဗုံးကြဲခဲ့ပြီး အဲဒီရွာတွေမှာ မြေပြင်တိုက်ပွဲတွေမရှိသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလည်း စခန်းချနေထိုင်တာမရှိဘူးလို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
စဉ့်ကူးမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုသံမဏိ က “ကျည်တောက်ပေါက်ရွာ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲမှာ ကလေးငယ်တွေအပါအဝင် ၅ ယောက်ထက်မနည်းသေဆုံးပြီးတော့ ဒဏ်ရာအပြင်းအထန်ရပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့သူတွေလည်း ရှိနေသေးပါတယ်။ လူနေအိမ်တွေလည်း ၅ လုံးလောက်ပျက်စီးခဲ့တာပါ။ စစ်တပ်က ဒီလကုန်အထိအပစ်ရပ်ထားတယ်လို့ ကြေညာထားပြီး တိုက်ပွဲဖြစ်တာမရှိတဲ့ရွာတွေကို ပြည်သူကိုပစ်မှတ်ထားပြီး ပြည်သူတွေကို သတ်ဖြတ်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို အကြောင်းမဲ့ဖျက်ဆီးနေတာ ဖြစ်ပါတယ်ဗျ” လို့ ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ မေ ၆ ရက်ကနေ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေးကို တတိယအကြိမ်သက်တမ်းတိုးထားပေမယ့် ပြည်သူတွေနေထိုင်တဲ့နေရာတွေကို လေကြောင်းကနေ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာကို နေ့တိုင်းလုပ်နေတာ ဖြစ်ပါတယ်။