
စပိန်နိုင်ငံ၊ ကက်တလိုနီးယားဒေသ၊ ဗီလာနိုးဗားအီလာယယ်သရူမြို့မှာ စက်မှုဇုန်တခုမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကျယ်ပြန့်လှတဲ့ နယ်မြေဧရိယာပေါ်မှာ ကလိုရင်း အဆိပ်သင့်တိမ်တိုက်ကြီး ဖြစ်ပေါ်လာပြီးနောက်မှာ မေလ ၁၀ ရက် စနေနေ့က ဒေသတွင်းရှိ မြို့ ၅ မြို့မှာ နေထိုင်ကြတဲ့ လူပေါင်း ၁၅၀၀၀၀ လောက်ကို အိမ်ထဲမှာသာ နေကြဖို့ သတိပေးထားပါတယ်။
ဗီလာနိုးဗား အီလာယယ်သရူမြို့မှာ ဒေသစံတော်ချိန် မနက် ၂ နာရီ ၂၀ မိနစ်လောက်မှာ ရေကူးကန် သန့်ရှင်းရေးပစ္စည်း ကုမ္ပဏီမှ စတင်ခဲ့တဲ့ မီးလောင်ကျွမ်းမှုကို မီးသတ်သမားတွေက ငြှိမ်းသတ်ဖို့ ကြိုးစားနေတဲ့ ဗီဒီယိုဖိုင်ကို ကက်တလန် မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
“သင်ဟာ ဘေးသင့်ထိခိုက်ခံရတဲ့ ဇုန်ထဲမှာ ရှိနေတယ်ဆိုရင် သင့်ရဲ့နေအိမ် သို့မဟုတ် အလုပ်နေရာကနေ မထွက်ခွာပါနဲ့” လို့ ပြည်သူ့ကာကွယ်ရေးဝန်ဆောင်မှုဌာနမှ X လူမှုမီဒီယာမှာ ပို့စ်တင်ထားပါတယ်။
မီးလောင်မှုမှာ ဘယ်သူမှ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း ကတ်တလန် အရေးပေါ်ဝန်ဆောင်မှုဌာနက စနေနေ့မှာ ပြောကြားခဲ့ပေမဲ့ ဗီလာနိုးဗား အီလာယယ်သရူ၊ ဆန်ပဲရဲ ဒါရီးဘတ်စ်၊ ကူဘဲလ်ယပ်စ်၊ ကူးနစ်နဲ့ ကာလာဖဲလ်မြို့တွေမှာ နေထိုင်သူတွေကို နေအိမ်၊အ ဆောက်အအုံထဲမှာသာ နေကြဖို့ မိုဘိုင်းလ်ဖုန်းတွေကနေ မက်ဆေ့ချ် ပေးပို့ခဲ့ကြပါတယ်။
ဧရိယာအတွင်း ဖြတ်သန်းသွားလာရတဲ့ မီးရထားတွေကိုလည်း လမ်းပိတ်ဆို့ ရပ်တန့်ထားပြီး တခြားပွဲအခမ်းအနားတွေကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။
မီးလောင်မှုကိုတော့ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း အရပ်ဘက်ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျိုအန်ရာမွန် ကာဘယ်လ်ယိုက စပိန်ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ TVE ကို ပြောကြားခဲ့ပါတယ်။
Source: Reuters