Home
မြန်မာသတင်း
နျူဓာတ်အားပေးစက်ရုံဆောက်မည့်အပေါ် ၂ နိုင်ငံပြည်သူများ လုံခြုံရေးအတွက် စိုးရိမ်ကြောင်း KNU ထုတ်ပြန်
lusane
·
May 10, 2025
Dawei Special Economic Zone_10052025

ထားဝယ်အထူးစီးပွားရေးဇုန်မှာ နျူဓာတ်အားပေးစက်ရုံတည်ဆောက်မယ့်အပေါ် မြန်မာနဲ့ထိုင်း ပြည်သူတွေ လုံခြုံရေးအတွက် စိုးရိမ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင်က မေ ၁၀ ရက်မှာ  ထုတ်ပြန်လိုက်ပါတယ်။ 

ထိုင်း-မြန်မာနယ်စပ် ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီအခြေစိုက် ထီးခီးတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက သိမ်းပိုက်ပြီးတဲ့နောက် ဒီစစ်ရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။

KNU အနေနဲ့ ထိုင်း-မြန်မာနယ်စပ်က မြန်မာပြည်သူတွေနဲ့ ထိုင်းပြည်သူတွေရဲ့ လုံခြုံရေးအတွက် ထီးခီးအခြေစိုက်စခန်းကို မဖြစ်မနေ ပြန်လည်ထိန်းချုပ်လိုက်ရတယ်လို့ ဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အာဏာသိမ်း စစ်ကောင်စီက ရုရှားနည်းပညာနဲ့ နျူကလီးယားဓာတ်အားပေး စက်ရုံ တည်ဆောက်မယ့် သတင်းကြောင့် မြန်မာပြည်သူတွေနဲ့ ထိုင်းနိုင်ငံသားတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေကြောင်း၊ စက်ရုံ တည်ဆောက်နိုင်တဲ့ နေရာ ၂ ခုမှာ ပဲခူးဒေသ အလယ်ပိုင်းနဲ့ ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်းက ထားဝယ်အထူးစီးပွားရေးဇုန်တို့ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ကတဆင့် သတိပေးထားပါတယ်။

KNU အနေနဲ့ ထိုင်းပြည်သူတွေနဲ့ ယှဉ်တွဲပြီး ကောင်းမွန်စွာ နေထိုင်ရေးအတွက် ကတိကဝတ်ပြုကြောင်း၊ ထိုင်းနိုင်ငံနဲ့ ထာဝရ ငြိမ်းချမ်းပြီး အတူတကွ ပူးပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေးကို ဆက်လက်ထားရှိမည် ဖြစ်ကြောင်းနဲ့ ထိုင်းပြည်သူတွေဆီက နားလည်မှုကို မျှော်လင့်ကြောင်းလည်း ထုတ်ပြန်ထားပါသေးတယ်။

KNU ရဲ့ မြိတ်-ထားဝယ်ခရိုင် နယ်မြေကို စစ်တပ်က ၁၉၉၇ ခုနှစ်မှာ သိမ်းပိုက်ခဲ့တာကြောင့် ဒေသခံတွေ နေရပ်ရွှေ့ပြောင်းခဲ့ရတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024