
ရှမ်းပြည်နယ်ရဲ့မြို့တော် တောင်ကြီးမှာ မေ ၆ ရက်လောက်ကစပြီး စစ်ကောင်စီတပ်က အသက် ၂၀ ကျော်အရွယ် အမျိုးသမီးငယ်တယောက်ရဲ့ ဓာတ်ပုံကိုပြပြီးလိုက်ရှာနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စိန်ပန်းရပ်ကွက်နဲ့ စျေးပိုင်းရပ်ကွက်ထဲမှာ ညဘက်ဧည့်စာရင်းဝင်စစ်ရင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် စစ်သားနဲ့ ရဲတွေက ပုံပြပြီး လိုက်မေးနေတယ်လို့ သိရပါတယ်။
မြို့ခံတယောက်က “သူတို့ ၁၂ ယောက်လောက်၊ လိုက်ရှာတာက အိမ်ထဲတွေမှာ ပုံပြပြီးလိုက်မေးတာ၊ ဘယ်သူလဲတော့ မသိဘူး။ မိန်းကလေးပုံပြပြီး လိုက်ရှာနေတာ” လို့ ပြောပါတယ်။
မြို့ခံတွေက ပုံထဲက မိန်းကလေးကို မသိတဲ့အတွက် အခုလက်ရှိအချိန်အထိ ဆက်ရှာနေကြသေးတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလထဲကလည်း တောင်ကြီးမှာ စစ်မှုထမ်းစာရင်းပါနေတဲ့ လူငယ်တွေ သင်္ကြန်ရက် အိမ်ခဏပြန်လာချိန် စစ်တပ်နဲ့ရဲက အိမ်ထဲထိ ဝင်ဖမ်းသွားလို့ စစ်မှုထမ်းစာရင်းပါသူ ၅ ယောက် ဖမ်းဆီးခံလိုက်ရပါတယ်။
ဒါ့အပြင် ဧပြီလထဲမှာပဲ ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်တုန်းက တော်လှန်ရေး ရဲမေလုပ်ခဲ့ဖူးတဲ့ မိန်းကလေးတယောက်လည်း ဟဲဟိုးလေဆိပ်မှာ လေယာဉ်ပေါ်တက်ကာနီး စစ်ကောင်စီတပ်တွေက စစ်ဆေးချိန် Blacklist စာရင်းထဲတွေ့လို့ ဖမ်းဆီးသွားခဲ့ပြီး ပင်းတယရဲစခန်းမှာ စစ်ကြောမေးမြန်းနေတုန်းလို့ သိရပါတယ်။