DVB Logo
Home
မြန်မာသတင်း
သိမ်းပိုက်ခံ ခမရ ၅၉၈ ကို ပြန်ရရန် စစ်ကောင်စီ အင်အား ၅၀၀ ခန့် စစ်ကူပို့၊ တိုက်ပွဲပြင်းထန်
DVB
·
May 10, 2025
သိမ်းပိုက်ခံ ခမရ ၅၉၈ ကို ပြန်ရရန် စစ်ကောင်စီ အင်အား ၅၀၀ ခန့် စစ်ကူပို့၊ တိုက်ပွဲပြင်းထန်
Donate to DVB

တော်လှန်ရေးတပ်တွေသိမ်းထားတဲ့ ပဲခူးတိုင်း ရွှေကျင်မြို့နယ်ထဲက စစ်ကောင်စီရဲ့ အမှတ် ၅၉၈ ခြေမြန်တပ်ရင်းကို ပြန်ရဖို့အတွက် ဒီနေ့ မေလ ၁၀ ရက် မနက်မှာ စစ်ကောင်စီတပ်က အင်အား ၅၀၀ ဝန်းကျင် ထပ်မံစစ်ကူပို့နေတာကြောင့် တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

ရွှေကျင်မြို့နယ် ညောင်ခြေထောက်ရွာက ခမရ ၅၉၈ တပ်ရင်းကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ မေ ၈ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး ဝေါမြို့နယ်ဘက်ကနေ စစ်တောင်းမြစ်ကိုဖြတ်ပြီး စစ်ကောင်စီဘက်က စစ်ကူပို့နေတာလို့ သိရပါတယ်။ 

တော်လှန်ရေး ရဲဘော်တယောက်က “စစ်ကောင်စီတပ်သား အင်အား ၅၀၀ လောက် ပြန်တက်လာနေတယ်၊ အခု တိုက်ပွဲဖြစ်နေတယ်။ စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးနှစ်ကြိမ်ကြဲသွားပြီ” လို့ DVB ကို ပြောပါတယ်။ 

စစ်ကောင်စီတပ်တွေဟာ ဝေါမြို့နယ် ဆင်ရွာ၊ သူရဲသမိန်ရွာဘက်ကနေ စစ်ကူပို့နေတာဖြစ်ပြီးတော့ တပ်မမှူးကိုယ်တိုင် ဦးဆောင်လာတာလို့လည်း DVB ရဲ့ စစ်ရေးသတင်းအရင်းအမြစ်က အတည်ပြုထားပါတယ်။ 

“စခန်းသိမ်းခံရပြီး ညကတည်းက စစ်ကူတွေ ပို့လိုက်တာ။ အခုလည်း စစ်တောင်းမြစ်ကို ကူးနေတုန်းပဲ။” 

တိုက်ပွဲဖြစ်နေတဲ့ ကွင်းဆိပ်၊ ညောင်ခြေထောက်ရွာတွေဟာ ဝေါမြို့နယ်နဲ့ စစ်တောင်းမြစ်ပဲခြားတာဖြစ်ပြီး ဝေါမြို့နယ်ဘက်က ရွာတွေမှာ တပ်စွဲနေတဲ့ စစ် ကောင်စီတပ်တွေကလည်း ဒီနေ့အထိ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေတယ်လို့ သိရပါတယ်။

မေ ၈ ရက်နေ့ စခန်းသိမ်းတိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တဲ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင် အများအပြားကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ရွှေကျင်မြို့နယ်ထဲက ကွင်းဆိပ်၊ ညောင်ခြေထောက်ရွာတွေအနီးမှာတော့ စစ်ကောင်စီရဲ့ အမှတ် ၅၉၈ နဲ့ အမှတ် ၅၈၉ ခြေမြန်တပ်ရင်းတွေရှိနေတာပါ။

ဧပြီလကတည်းက အဲဒီရွာတွေမှာ တိုက်ပွဲဖြစ်ပွားလို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်အမြောက်တပ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်တာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ 

တိုက်ပွဲတွေကြောင့် ရွှေကျင်မြို့နယ်ထဲက ကွင်းဆိပ်၊ ဒုံဇရစ်၊ ညောင်ခြေထောက်၊ ရှမ်းစုနှင့် ဇလုတ်ကြီးရွာတွေက ဒေသခံတွေ ထွက်ပြေးရပြီးတော့ ဝေါမြို့နယ်ဘက်ခြမ်းမှာတော့ သူရဲသမိန်၊ စက်စု၊ ဂျိုးလေး၊ ဆင်ရွာ၊ လက်ပန်၊ ဝိုင်းပတ်စတဲ့ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။ 

တိုက်ပွဲတွေစဖြစ်လာတဲ့ ဧပြီ ၂၃ ရက်မှာ ကွင်းဆိပ်ရွာထိပ်မှာရှိတဲ့ ခမရ ၉၅၈ ရဲ့ ကာကင်းစခန်းကိုလည်း တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ စစ်ကောင်စီတပ် ထီးခီးစခန်းကိုလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့က မေ ၉ ရက်က သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013