
မော်စကိုမြို့၊ ရင်ပြင်နီမှာကျင်းပတဲ့ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြ ချီတက်ပွဲကို တက်ရောက်ဖို့ ရုရှားနိုင်ငံမှာ ရောက်နေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဇနီးဒေါ်ကြူကြူလှတို့ဟာ ၃ ရက်တာခရီးအတွင်း ရုရှားသမ္မ တပူတင်နဲ့ သီးခြားတွေ့ဆုံခွင့်မရဘဲ ဒီကနေ့ မေလ ၁၀ ရက်မှာ မြန်မာနိုင်ငံကိုပြန်လာခဲ့ရပါတယ်။
စစ်ခေါင်းဆောင် ရုရှားကနေ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာကြောင်းကိုတော့ စစ်တပ်အာဘော်သတင်းစာတွေက ထုတ်ပြန်ထားပါတယ်။
စစ်ခေါင်းဆောင်နဲ့ ဇနီးဟာ ရုရှားခရီးစဉ်အတွင်းမှာ ရုရှားဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌ၊ ရုရှားအမျိုးသမီးဖိုရမ် ဥက္ကဋ္ဌ နဲ့ ကာဇက်စတန်နိုင်ငံသမ္မတတို့နဲ့ သီးခြားတွေ့ဆုံခဲ့ပါတယ်။
ဒါ့အပြင် စစ်ခေါင်းဆောင်ဟာ တရုတ်သမ္မတ ရှိကျင့်ဖျင်နဲ့ မေ ၉ ရက်က သီးခြားတွေ့ဆုံခဲ့ပြီး ငလျင်ဘေး ပြန်လည်ထူထောင်ရေးအတွက် အကူအညီတောင်းခံခဲ့သလို သမ္မတရှီကျင့်ဖျင်ကလည်း အကူအညီပေးမယ့်အကြောင်းနဲ့ စစ်ခေါင်းဆောင်ပြုလုပ်မယ့် ရွေးကောက်ပွဲကို ထောက်ခံကြောင်း ပြောခဲ့ပါတယ်။
ဒီတွေ့ဆုံမှုဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်နဲ့ တရုတ်သမ္မတတို့ရဲ့ ပထမဆုံးတွေ့ဆုံမှုဖြစ်ပါတယ်။
အခုခရီးစဉ်ဟာ စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်း ထုတ်ပြီးနောက်ပိုင်း ရုရှားနိုင်ငံကို သွားရောက်တဲ့ စစ်ခေါင်းဆောင်ရဲ့ ဒုတိယမြောက်ခရီးစဉ်ဖြစ်ပြီး ဒီတကြိမ်မှာတော့ သမ္မတပူတင်က စစ်ခေါင်းဆောင်ကို သီးခြားတွေ့ဆုံမှုမလုပ်ခဲ့ပါဘူး။