
စစ်ကိုင်းတိုင်း၊ မြောင်မြို့မှာ မေ ၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ဒုဗိုလ် ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးပြီး လက်နက်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ တိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ Myaung Rangers Force (M.R.F) က မေ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
Myaung Rangers Force (M.R.F) ရဲ့ ပြန်ကြားရေးတာဝန်ခံက “မြောင်ရဲစခန်းထဲကနေထွက်လာတဲ့ စစ်ခွေး ၆ ကောင်ကို အနီးကပ်ပစ်ခတ်ခဲ့တာပါ။ သူတို့ဘက်ကလည်းပြန်ပစ်လို့ နှစ်ဖက်ပစ်ခတ်မှုက ၁ နာရီဝန်းကျင်လောက်ကြာခဲ့ပါတယ်။ ခွေး ၃ ကောင်ကတော့ နေရာမှာသေတယ်။ ဒုဗိုလ်တကောင်တော့ ကျည်မှန်လို့ ရဲစခန်းဘက်ပြန်အပြေး လမ်းမှာတင်လဲသေသွားတယ်။ စုစုပေါင်း ၄ ကောင်သေတာပေါ့။ ၂ ကောင်ကတော့ ဒဏ်ရာရပြီးထွက်ပြေးလို့ လွတ်သွားတယ်” လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို Myaung Rangers Force-M.R.F (စားဖိုစစ်ကြောင်း) နဲ့အတူ CDSOM (ဗိုလ်စင်္ကြာ စစ်ကြောင်း)၊ စစ်ကိုင်းခရိုင် တပ်ရင်း ၁၊ နယ်မြေခံ ပကဖ၊ ဇာမဏီ ပြောက်ကျားတပ်ဖွဲ့တို့ ပူးတွဲဆောင်ရွက်ခဲ့ကြတာလို့ ဆိုပါတယ်။
CDSOM (ဗိုလ်စင်္ကြာ စစ်ကြောင်း) ရဲ့ တာဝန်ရှိသူ ရဲဘော်စမာ က “မြောင်ရဲစခန်းထဲမှာ တပ်စွဲနေတဲ့ကောင်တွေက မကြာမကြာအပြင်ထွက်ထွက်ပြီး ခရီးသွားကားတွေဆီကနေ ဆက်ကြေးကောက်လေ့ရှိတယ်။ အခုလည်း ဒီကောင်တွေ ဆက်ကြေးကောက်ဖို့ ထွက်လာကြတာကို သတင်းရလို့ လက်ဦးမှုယူပြီးပစ်ခတ်ခဲ့တာဖြစ်တယ်။ တိုက်ခိုက်မှုဖြစ်နေတဲ့အချိန်မှာ သူတို့ဘက်က အင်အား ၃၀ လောက်ထပ်တိုးလာလို့ တိုက်ပွဲကကြာသွားတာ” လို့ DVB ကို ပြောပါတယ်။
နှစ်ဖက်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ MA11 အမျိုးအစား သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးရဲဘော် ၁ ယောက်လည်း လက်နှစ်ဖက်ကို ကျည်ထိမှန်ဒဏ်ရာရခဲ့သေးတယ်လို့ သူက ဆက်ပြောပါတယ်။