DVB Logo
Home
မြန်မာသတင်း
PDF တပ်ဖွဲ့အချို့ နုတ်ထွက်သည့်အပေါ် မစိုးရိမ်ဟု NUG ပြော
DVB
·
May 10, 2025
PDF တပ်ဖွဲ့အချို့ နုတ်ထွက်သည့်အပေါ် မစိုးရိမ်ဟု NUG ပြော
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ၄ နှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာပါ ဘဏ္ဍာရေးအသုံးစရိတ်ထဲက ၉၄ ရာခိုင်နှုန်းကို စစ်ရေးအတွက် အသုံးပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ အထောက်အပံ့တွေ အလုံအလောက် မရတာကြောင့် PDF တပ်ဖွဲ့တချို့ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ကနေ နုတ်ထွက်တာတွေ ရှိနေပါတယ်။

NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကတော့ စစ်ရေးအတွက် အသုံးပြုခဲ့တဲ့ ဘဏ္ဍာရေးအသုံးစရိတ် ၉၄ ရာခိုင်နှုန်းကို PDF တပ်ရင်း တပ်ဖွဲ့တွေရဲ့ နေထိုင်စားသောက်စရိတ်၊ ယူနီဖောင်း၊ လက်နက်တပ်ဆင်မှုတွေအတွက် သုံးစွဲခဲ့တာဖြစ်ပြီး တိုက်ပွဲဖော်ဆောင်မှုပေါ် မူတည်ပြီးတော့ လိုအပ်တဲ့ လက်နက်ခဲယမ်းတွေအတွက် သုံးစွဲခဲ့တာလို့ ဆိုပါတယ်။

“လက်နက် ခဲယမ်းမီးကျောက်လို့ ပြောတဲ့အခါမှာတော့ ရှိသမျှ တပ်ရင်းတိုင်းက အကုန်လုံးကိုတော့ တပ်ဆင်ပေးနိုင်ဖို့ အခက်အခဲ အများကြီးရှိတယ်ပေါ့။ အဲဒီအတွက်ကြောင့်မို့ ဒီဟာကတော့ စစ်ရေးမဟာဗျူဟာအပေါ် မူတည်ပြီးတော့ ဒီစစ်ရေးဖော်ဆောင်ဖို့ စစ်ရေးလို့ ပြောတဲ့အခါမှာ မြို့သိမ်းတိုက်ပွဲတွေ၊ တိုက်ပွဲဖော်ဆောင်တဲ့ အခြေအနေပေါ် မူတည်ပြီးတော့ ဘယ်နေရာကတော့ ဦးစားပေးတပ်ဆင်မယ် ဆိုတဲ့ဟာမျိုးပေါ့နော်။ စစ်ရေးမှာလည်း ၂ ပိုင်း ရှိတာပေါ့နော်၊ တပိုင်းကတော့ တကယ်ကို မြို့သိမ်းစခန်းသိမ်း၊ တိုက်ပွဲကြီးတွေ ဆင်နွှဲရတာတွေ ရှိသလို တချို့နေရာတွေမှာလည်း မြှူစစ်ပေါ့နော်၊ ဒီလိုဟာမျိုးတွေလည်း ရှိတော့၊ စစ်ရေး မဟာဗျူဟာပေါ် မူတည်ပြီးတော့ပဲ လက်နက်တပ်ဆင်တဲ့ကိစ္စ ဆောင်ရွက်ရပါတယ်။”

NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန MOD ကလည်း မေ ၇ ရက်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း၊ တပ်ဖွဲ့များ စတင်ဖွဲ့စည်းချိန်က စပြီး လက်ရှိအချိန်ထိ တပ်ရင်း ထောက်ပံ့စရိတ်အဖြစ် ၂၇ ကြိမ်တိတိ ပေးပို့ခဲ့ပြီး ငွေကြေးပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၄ သန်းကျော် သုံးစွဲခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီတပ်ရင်းထောက်ပံ့စရိတ်ကတော့ PDF တပ်ရင်းပေါင်း ၃၀၀ ကျော်အတွက် စားသောက်စရိတ်သာ ဖြစ်ပြီး လိုအပ်တဲ့ပစ္စည်းတွေနဲ့ လက်နက်ခဲယမ်းတွေကိုပါ ထည့်ပေါင်းရင်တော့ ဒီထက်ပိုပြီး ပမာဏများမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

NUG-MOD အနေနဲ့ အခုလို ဘဏ္ဍာရေးအသုံးစရိတ်ထဲက ၉၄ ရာခိုင်နှုန်းကို စစ်ရေးအတွက် အသုံးပြုခဲ့ပေမဲ့လည်း MOD လက်အောက်ကနေ PDF တပ်ဖွဲ့တချို့ နုတ်ထွက်တာတွေ ရှိနေပြီး အခုလို နုတ်ထွက်တာဟာ PDF တပ်ဖွဲ့တွေကို ကူညီပံ့ပိုးပေးမှု အားနည်းပြီး ခေါင်းဆောင်ပိုင်းတချို့က တာဝန်ယူမှု တာဝန်ခံမှု လျော့ရဲတာတွေကြောင့် ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

NUG-MOD လက်အောက်က နုတ်ထွက်ခဲ့တဲ့ ကျားဖြူစစ်ကြောင်း တပ်ရင်းမှူး ဗိုလ်ကျော်ဟိန်း ကတော့ ဘာကြောင့်နုတ်ထွက်ခဲ့ရတာလဲ ဆိုတာကို ပြောပြပါတယ်။

“ဘာကြောင့် နုတ်ထွက်ရလဲ ဆိုရင်ဗျာ ရှင်းရှင်းပြောရရင် ကျနော်တို့က MOD ကနေ မထွက်ချင်ပါဘူး။ တကယ်တန်းက မထွက်ချင်ပါဘူး။ ဘယ်လိုဖြစ်လဲဆိုတော့ စစ်ခံဝန်နဲ့ပဲ ကျနော်တို့ ရှေ့ဆက်သွားနေမယ်ဆိုရင် ဘာထူးမလဲ၊ ကျနော်တို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တော့မှာပေါ့ဗျာ။ အဲဒီအတွက်ကြောင့်မို့ပါ။ MOD ဆိုတာကလည်း ဖြစ်မြောက်ချင်တဲ့ အစိုးရတရပ်ပါပဲ၊ ကျနော်တို့ မျှော်လင့်ပါတယ်၊ အားကိုးပါတယ်၊ ဒါပေမဲ့ တချို့တချို့သော ခေါင်းဆောင်လေးတွေရဲ့ တာဝန်ယူမှု တာဝန်ခံမှု လျော့ရဲတယ်လို့ပဲ ကျနော်တို့ မြင်တာပေါ့နော်။ ကျနော်တို့ စကားကို အများကြီး အကျယ်ချဲ့ပြီး ပြောလို့ရတယ်။ ဒါပေမဲ့ ဒီအစိုးရဟာ ကျနော့်အစိုးရ၊ ကျနော်တို့ရွေးချယ်တဲ့ အစိုးရ ဖြစ်စေချင်တဲ့အတွက်ကြောင့် ကျနော်တို့ ဘာပဲဖြစ်ဖြစ် မြေပြင်မှာရှိတဲ့ တချို့ခေါင်းဆောင်လေးတွေကို ပြုပြင်ပြောင်းလဲသင့်တာကို ပြုပြင်ပြောင်းလဲပါလို့ ပြောချင်ပါတယ်။”

MOD လက်အောက်က PDF တပ်ဖွဲ့တချို့ နုတ်ထွက်တာနဲ့ ပတ်သက်ပြီး NUG အနေနဲ့ စိုးရိမ်စရာအခြေအနေတခုလို့ မယူဆကြောင်းနဲ့ အခုလို နုတ်ထွက်သွားကြပေမဲ့ တော်လှန်ရေးမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆက်လက်ပြီးတော့ ပါဝင်ကြမယ်လို့ ယုံကြည်ကြောင်း ဦးနေဘုန်းလတ်က ဆိုပါတယ်။

“MOD အောက်မှာ တပ်ရင်းပေါင်း ၃၀၀ ကျော်ရှိတယ်။ အဲ့ထဲမှာမှ နုတ်ထွက်တဲ့ အဖွဲ့အစည်းတွေကတော့ ဆယ်ဂဏန်းတောင်မှ ဆယ်အသေးဂဏန်းပဲ ရှိတာပေါ့နော်။ အဲဒါကြောင့် ဒီဟာက သိပ်ပြီးတော့ စိုးရိမ်စရာ အခြေအနေတခုလို့ ကျနော်တို့ကတော့ မယူဆဘူး။ နောက်တခု အရေးကြီးဆုံးအချက်ကတော့ အခုလိုမျိုး တပ်ရင်းတပ်ဖွဲ့တချို့ အနေနဲ့ နုတ်ထွက်သွားကြတယ် ဆိုပေမဲ့ တော်လှန်ရေးမှာတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆက်လက်ပြီးတော့ ပါဝင်ကြမယ်လို့ ကျနော်ကတော့ အပြည့်အဝ ယုံကြည်တယ်။ အဲ့အတွက်ကြောင့်မို့ ရဲဘော်ရဲဘက် အချင်းချင်း ဖြစ်နေတဲ့အတွက် တော်လှန်ရေးအတွက်လည်း သိပ်ပြီးတော့ စိုးရိမ်ရမယ့် အနေအထားတခုတော့ မဟုတ်ဘူးလို့ပဲ ပြောလိုပါတယ်ခင်ဗျာ။”

စင်ကာပူအခြေစိုက် နိုင်ငံရေးသုတေသီတယောက်ကတော့ အခုလို NUG-MOD လက်အောက်က PDF အဖွဲ့တချို့ နုတ်ထွက်တာဟာ အုပ်ချုပ်ရေးတည်ဆောက်တဲ့အပိုင်းမှာ အနှောင့်အယှက် ဖြစ်လာနိုင်ပြီး နိုင်ငံတကာဆက်ဆံရေးမှာလည်း ထိခိုက်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“NUG အနေနဲ့ ဒီလိုမျိုး တပ်ရင်းတပ်ဖွဲ့တွေကို အမည်ခံအားဖြင့်ပဲ control လုပ်နိုင်ပြီးတော့ ရေရှည်မှာ control မလုပ်နိုင်ဘူးဆိုရင် ဒါ NUG နဲ့ သူ့ရဲ့ သိမ်းပိုက်နယ်မြေတွေ၊ လွတ်မြောက်နယ်မြေတွေ များလာတယ်လို့ ကြေညာပေမဲ့ ဒီလွတ်မြောက်နယ်မြေတွေအပေါ်မှာ အာမခံနိုင်မှု၊ အုပ်ချုပ်ရေးတည်ဆောက်နိုင်မှု အပိုင်းမှာ လက်တွေ့ အကောင်အထည် မဖော်နိုင်တာမျိုးတွေ ရှိလာတာပေါ့။ ပြီးတော့ ဒီလိုမျိုး မြောက်မြားလှစွာသော တပ်ရင်းတပ်ဖွဲ့ အသီးသီးက တဖွဲ့နဲ့တဖွဲ့ နယ်မြေတခုတည်းမှာ NUG-MOD အောက်မှာ ပါတဲ့သူလည်း ရှိမယ်၊ မပါတဲ့သူလည်း ရှိမယ်၊ အဲလိုမျိုး လှုပ်ရှားရတဲ့အခါမှာ ပွတ်တိုက်မှုတွေ ရှိလာမယ်။ တိုက်ပွဲတွေ ဖြစ်လာတာမျိုးတွေ၊ အချင်းချင်းကြား ရန်ဖြစ်တာ၊ ဖမ်းဆီးတာ ဒါမျိုးတွေ ရှိလာတယ်ပေါ့။ ဆိုတော့ ဒါ အုပ်ချုပ်ရေး တည်ဆောက်တဲ့အပိုင်းမှာ အနှောင့်အယှက်ဖြစ်နိုင်သလို တဖက်မှာကျတော့လည်း ဒါ စည်းလုံးညီညွတ်ရေး ပြိုကွဲတာမျိုးလည်း ဖြစ်နိုင်တာပေါ့။ နောက်တခုကတော့ NUG အနေနဲ့ နိုင်ငံတကာမှာ ဆက်ဆံတဲ့အခါမှာဆိုရင်လည်း ဒါ NUG အနေနဲ့ မိမိလက်အောက်ခံတပ်တွေကို မထိန်းနိုင်ဘူးဆိုတဲ့အမြင် ဖြစ်လာတယ်ဆိုရင် ရေရှည်မှာ NUG ရဲ့ နိုင်ငံတကာဆက်ဆံရေးမှာ credibility လည်း ကျလာစရာတော့ ရှိတယ်။”

NUG ရဲ့ ၄ နှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာမှာ စစ်ကောင်စီအနေနဲ့ ၄ နှစ်တာအတွင်း တိုင်းစစ်ဌာနချုပ် ၂ ခု၊ ဒကစ ဌာနချုပ်တခု၊ စကခ ဌာနချုပ် ၅ ခု၊ စစ်ဗျူဟာ အခြေချစခန်း ၆ ခု အပါအဝင် စုစုပေါင်း အခြေစိုက် ဌာနချုပ်စခန်း ၁၇၃ ခု ဆုံးရှုံးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

မြတ်သဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013