
တနင်္သာရီမြို့နယ်၊ ပုလောမြို့မရဲစခန်းကို ပုလော PDF က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒုရဲအုပ်တယောက်နဲ့ ရဲတပ်သားတယောက် သေဆုံးခဲ့ကာ ၆ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပုလော PDF တပ်ဖွဲ့ကနေ သိရပါတယ်။
မေ ၉ ရက် မနက် ၆ နာရီခွဲဝန်းကျင်မှာ ပုလောမြို့ရဲစခန်းက လုံခြုံရေးယူဖို့ ထွက်လာတဲ့ ဒုရဲအုပ်နဲ့ ရဲတပ်သားကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ပုလောမြို့ခံတယောက်က “ရဲစခန်းရှေ့က ကင်းမှာ လုံခြုံရေးယူဖို့ ထွက်လာချိန် ပစ်ခံရတာပါ။ တပ်သားတဦးက သေနတ်ဒဏ်ရာ နှစ်ချက်ထိပြီး ပွဲချင်းပြီးသေသွားတယ်။ ဒုရဲအုပ်က ရဲစခန်းထဲ ပြန်ဝင်ပြေးချိန်မှာ ပစ်ခံရတယ်။ သေသွားတဲ့ တပ်သားတဦးရဲ့ သေနတ်ကိုတော့ တော်လှန်ရေးတပ်ဖွဲ့ဘက်က ရလိုက်တယ်” လို့ ပြောပါတယ်။
ပုလော PDF ပြန်ကြားရေးတာဝန်ခံက “ဒုရဲအုပ်နဲ့ တပ်သားတဦး ပစ်ခံရချိန်မှာ ရဲစခန်းက တပ်သားတွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ထပ်ဖြစ်တယ်။ ကျနော်တို့ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း ဒုရဲအုပ် နေဇော်အောင်နဲ့ ရဲတပ်သား ရဲထက်ပိုင်တို့ သေဆုံးပြီး G-3 ရိုင်ဖယ် ၁ လက်၊ ကျည် ၂၀၀၊ ကျည်ဘောက် ၂ ခု၊ လက်ကိုင်ဖုန်း ၂ လုံး၊ ရာထူးတံဆိပ် ၁ စုံနဲ့ ဆားဗစ်ဘားတန်းတို့ကို သိမ်းဆည်းရမိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းရှိ ထမင်းမစား စစ်ဆေးရေးဂိတ်နဲ့ ပုလောတံတား စစ်ဆေးရေးဂိတ်မှာ ခရီးသွားကားတွေကို ဖြတ်သန်းခွင့်ပိတ်ခဲ့ပြီး မနက် ၁၀ နာရီလောက်မှ ပြန်လည်ဖြတ်သန်းခွင့်ပေးတယ်လို့ ခရီးသွားတွေက ပြောပါတယ်။
ပုလောရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က ပုလောအခြေစိုက် ခလရ ၂၈၅ တပ်ရင်းမှ လက်နက်ကြီးနဲ့ ၁၅ ချက် ပစ်ခတ်ခဲ့ပြီး ပုလောရဲစခန်းအနီးရှိ ဒေသခံ ၅ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ပုလော PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။