
ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့မှာ ရဲတပ်သားတယောက် ဇူလိုင် ၁၂ ရက် ညနေ ၆ နာရီခွဲဝန်းကျင်က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “ပေါင်းတလည် တောင်ပိုင်းရပ်ကွက် နယ်မြေရဲစခန်းမှာ ဖြစ်သွားတာပါ။ ရဲတပ်သားက သူ့သေနတ်နဲ့ သူ့ကိုယ်သူ ပြန်ပစ်သွားတာ။ စခန်းမှူးအိမ် လိုင်းခန်းအဟောင်းမှာတဲ့” လို့ ပြောပါတယ်။
အဆိုပါ ရဲတပ်ဖွဲ့ဝင်ဟာ အသက် ၃၀ ဝန်းကျင် ရဲတပ်သား ဟိန်းမင်းထက် ဆိုသူ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပြည်ခရိုင် ပကဖ ရဲဘော်တယောက်က “သူကိုင်တဲ့ BA 63 သေနတ်နဲ့ သူ့ကိုယ်သူပြန်ပစ်တာ။ တန်းမသေဘဲ ဆေးရုံရောက်သွားပြီးမှ သေတာ။ ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် ပစ်တာလို့ ထင်လဲ ဆိုတော့ အထက်က ဖိအားများလို့ပဲ ဖြစ်နိုင်ပါတယ်” လို့ DVB ကို ပြောပါတယ်။
ပေါင်းတလည်မြို့က စစ်တပ်လက်အောက်ခံတွေဟာ ပြည်သူတွေကို မတရား ပေါ်တာဆွဲ ဖမ်းဆီးတာတွေ မကြာခဏ ပြုလုပ်နေတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။










