
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ လိုင်ကွယ်ရွာဘုန်းကြီးကျောင်းကို မေ ၉ ရက် ဒီနေ့ နေ့လယ်က စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျပြီး ဆရာတော်တပါး ကျည်စထိမှန် ပျံလွန်တော်မူသွားတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးတိုက်ပွဲ၊ ကော့ကရိတ်-ကျုံဒိုးလမ်း တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ပစ်ခတ်၊ လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲတာတွေ လုပ်ဆောင်နေတာပါ။
KNLA ပူးပေါင်းတပ်တွေကလည်း ကော့ကရိတ်မြို့ လမ်းပိုင်းကနေ စစ်ကောင်စီရဲ့ လက်နက် ထောက်ပို့ အင်အားတွေကို ဖြတ်တောက် တိုက်ခိုက်နေတာဖြစ်ပါတယ်။
လှိုင်းဘွဲမြို့နယ်မှာလည်း စစ်ကောင်စီရဲ့ ခမရ ၂၄ ရှေ့တန်းစခန်း ဒေသအခေါ် လေးပနာဒိစခန်းကို မေ ၉ ရက် မနက် ၁၀ နာရီခန့်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိခဲ့ပါတယ်။
ထိုင်းနယ်စပ်မျဉ်းအနီးရှိ လေးပနာဒိ စစ်ကောင်စီစခန်းကို KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က မေ ၆ ရက်ကစပြီး ဒရုန်းနဲ့ အဆက်မပြတ် တိုက်ခိုက်နေရာက ၄ ရက်အကြာမှာ သိမ်းပိုက်ရရှိခဲ့တာလို့ ကရင်တပ်မှူးတယောက်က ပြောပါတယ်။
တိုက်ပွဲမှာ လက်နက်ခဲယမ်းတွေနဲ့အတူ စစ်ကောင်စီတပ်သား အလောင်းတချို့ တွေ့ရပေမဲ့ ထိခိုက်သေဆုံးတဲ့ အရေအတွက် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
စခန်းသိမ်းတိုက်ပွဲက ထိုင်းနယ်စပ်နဲ့ တမိုင်ကျော်ပဲဝေးတာကြောင့် ထိုင်းစစ်တပ်ဘက်ကလည်း နယ်စပ်လုံခြုံရေး တင်းကျပ်ထားပြီး စစ်ရှောင်ပြည်သူ ၃၀၀ ကျော်လည်း ထိုင်းနိုင်ငံ မဲဆောက်ဘက်ကို ထွက်ပြေးသွားကြပါတယ်။
ဒါ့အပြင် ကရင်အမျိုးသားအစည်းအရုံး (KNU) အနေနဲ့ လက်လွှတ်ခဲ့ရတဲ့ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်ရှိ ခရိုင်ဌာနချုပ်နဲ့ တပ်မဟာဌာနချုပ်ဟောင်း တည်ရှိရာ ထီးခီးဒေသကို အလုံးစုံ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ဒီကနေ့ မေ ၉ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။