
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် တောင်ခြမ်းက ရေထွက်ကျေးရွာကို မေ ၇ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေယာဥ်နဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူတယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့သလို လူနေအိမ်တွေလည်း ပျက်စီးသွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
သပိတ်ကျင်းမြို့နယ် ပကဖ သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူက “တံတားဦးလေဆိပ်က တက်လာတဲ့ ဂျက်ဖိုက်တာတစီးက ရေထွက်ရွာကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်မှာ ဗုံး ၂ လုံး ကြဲချခဲ့တာပါ။ လူနေအိမ် ၅ လုံးထက်မနည်း ပျက်စီးပါတယ်” လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း အမျိုးသား ၇ ယောက်နဲ့ အမျိုးသမီး ၃ ယောက် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်တဲ့ အမျိုးသားတယောက်ကတော့ ဆေးကုသနေရင်း သေဆုံးသွားခဲ့တယ်လို့လည်း ဆိုပါတယ်။
သပိတ်ကျင်းမြို့နယ် ပကဖ တာဝန်ခံ ကိုနဂါးနီက “အဲဒီရွာမှာ တိုက်ပွဲဖြစ်တာမရှိသလို PDF စခန်းတွေလည်း မရှိဘူး။ တော်လှန်ရေးရဲဘော်တွေလည်း မရှိဘူး။ ဘာသတင်းအမှားရလို့ ဗုံးလာကြဲနေတာလဲ ဆိုတာတော့ မသိဘူးဗျ။ ပြည်သူတွေအနေနဲ့ သတိလက်လွတ်မနေကြပါနဲ့။ ပေးဆပ်ရတာက လူ့အသက်တွေဖြစ်လို့ လေကြောင်းရန်အန္တရာယ်ကို ကြိုတင်ကာကွယ်တဲ့ အစီအမံတွေ လုပ်ထားကြဖို့ ဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။
အဆိုပါ ရေထွက်ကျေးရွာကို ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်ကလည်း စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲခဲ့သေးလို့ ကလေးငယ် ၂ ယောက် အပါအဝင် ပြည်သူအယောက် ၄၀ နီးပါး သေဆုံးခဲ့ပါတယ်။