
အီရန်စစ်တပ်ဟာ မြေအောက် ဒရုန်းအခြေစိုက်စခန်းကို ထုတ်ဖော်ပြသလိုက်ပြီး အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ် (IRGC) တပ်မှူး ဗိုလ်ချုပ်ကြီး ဟော့စိန် ဆာလမီက စခန်းကို လိုက်လံစစ်ဆေးကြည့်ရှုနေတဲ့ ဗီဒီယိုကိုလည်း အီရန်မီဒီယာက မေ ၈ ရက်မှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။
ခရီးစဉ်အတွင်းမှာ ဗိုလ်ချုပ်ကြီး ဟော့စိန် ဆာလမီက သူ့တပ်ဖွဲ့တွေဟာ ရန်သူရဲ့ အကျိုးစီးပွားတည်ရှိရာ နေရာတိုင်းကို ပစ်မှတ်ထား တိုက်ခိုက်လိမ့်မှာဖြစ်ကြောင်းနဲ့ ရန်လိုတိုက်ခိုက်မှု အရင်းအမြစ်ဖြစ်လာတဲ့ ဘယ်နိုင်ငံမဆို ကျွန်ုပ်တို့ရဲ့ တိုက်ခိုက်မှု ပစ်မှတ်ဖြစ်လာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
သူဟာ IRGC ရေတပ်ရဲ့ တပ်မှူး ဗိုလ်မှူးချုပ် အလီရေဇာ တန်င်ဆီရီ နဲ့အတူ စက်ရုံကို သွားရောက်ကြည့်ရှုခဲ့တာပါ။
ဒီရုပ်သံကို ဘယ်အချိန်ဘယ်နေရာမှာ ရိုက်ကူးခဲ့တယ်ဆိုတာ မသိရသေးပါဘူး။
အဲဒီအခြေစိုက်စခန်းမှာ ရေကြောင်းကာကွယ်ရေးအတွက် အားဖြည့်ပြီး အဆင့်မြှင့်တင်ထားတဲ့ ကိရိယာတွေကို တပ်ဆင်ထားကြောင်း အီရန်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ မနှစ်က အပစ်အခတ်ရပ်စဲပြီးနောက် ဒေသတွင်း အပြင်းထန်ဆုံး ဗုံးကြဲတိုက်ခိုက်မှုတွေထဲက တခုဖြစ်တဲ့ လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေးက ဒါဇင်နဲ့ချီတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်တဲ့နေ့မှာပဲ ဒီအခြေစိုက်စခန်းကို ထုတ်ဖော်ပြသခဲ့တာပါ။
ဒီဗီဒီယိုကို အမေရိကန်-အီရန် နျူကလီးယားဆွေးနွေးပွဲ စတုတ္ထအကြိမ် မတိုင်ခင်မှာ ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။
အီရန်ရဲ့ နျူကလီးယား အစီအစဉ်ဟာ လက်နက်တွေထုတ်လုပ်ဖို့ ရည်ရွယ်နေတာလို့ ဝါရှင်တန်နဲ့ အနောက်နိုင်ငံ မဟာမိတ်တွေက ပြောကြပြီး အီရန်ကတော့ ဒါဟာ အရပ်ဘက် ရည်ရွယ်ချက်အတွက် သက်သက်ဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။
Source: Reuters