
အမေရိကန်နဲ့ ဗြိတိန်တို့ ကုန်သွယ်ရေးသဘောတူညီချက် ရခဲ့ပြီးတဲ့နောက် အမေရိကန် စတော့ရှယ်ယာဈေးတွေ မေ ၈ ရက်က ပြန်ပြီး မြင့်တက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နေ့က ဒေါင်းဂျုံး စက်မှုညွှန်းကိန်းက ၀ ဒသမ ၆၂ ရာခိုင်နှုန်း၊ S and P က ၀ ဒသမ ၅၈ ရာခိုင်နှုန်းနဲ့ နတ်စဒက်က ၁ ဒသမ ၀၇ ရာခိုင်နှုန်း မြင့်တက်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အမေရိကန်နဲ့ ဗြိတိန်တို့ဟာ ကုန်သွယ်မှုသဘောတူညီချက်အသစ် ရခဲ့ကြောင်း မေ ၈ ရက်မှာ ကြေညာခဲ့ပါတယ်။
အဲဒီအထဲမှာ လက်ရှိ ကုန်သွယ်ရေးအခွန်ကောက်ခံမှုတွေကို လျှော့ချမှု အပါအဝင် ၂ နိုင်ငံရဲ့ တခြားကုန်ပစ္စည်းတွေကိုလည်း ချဲ့ထွင်သွားမယ်လို့ ပါဝင်ပါတယ်။
သဘောတူညီချက်ထဲမှာ ဗြိတိန်ဟာ ပြည်ပပို့ကုန်အခွန် အတားအဆီးတွေကို ဖယ်ရှားပြီး အမေရိကန်ရဲ့ အမဲသား၊ အီသနောနဲ့ တခြားစက်မှုထုတ်ကုန်တွေကို ဈေးကွက်တိုးချဲ့မှာ ဖြစ်ပါတယ်။
အိမ်ဖြူတော်ရဲ့ ကြေညာချက်ထဲမှာ သံနဲ့ အလူမီနီယံအတွက် စုပေါင်းကုန်သွယ်မှုအသစ်အဖြစ် ကြေညာထားပါတယ်။
ဗြိတိန်နိုင်ငံက သံတင်ပို့မှုနဲ့ပတ်သက်တဲ့ အခွန်ကောက်ခံမှုကို ပယ်ဖျက်သွားမှာလည်း ဖြစ်ပါတယ်။
ထရမ့်ပ်က ပြီးခဲ့တဲ့လက ဗြိတိန်ကို ကားတင်ပို့မှုနဲ့ပတ်သက်ပြီး အခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ပေမဲ့ အခုအချိန်မှာ ၁၀ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ပါတယ်။ တနှစ်ကို ကားအစင်းရေ ၁၀၀,၀၀၀ တင်ပို့ခွင့်အတွက် ဖြစ်တယ်လို့လည်း ပါရှိပါတယ်။
ကားတင်သွင်းမှုအခွန် လျော့ကျတာက ဗြိတိန်ဇိမ်ခံကားကုမ္ပဏီတွေဖြစ်တဲ့ Jaguar Land Rover နဲ့ Rolls Royce တို့လို ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေအတွက် အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။
၂ နိုင်ငံစလုံးဟာ အမဲသား ၁၃,၀၀၀ မက်ထရစ်တန် တိုးပြီး တင်ပို့ဖို့ သဘောတူခဲ့ပြီး အခွန်ကင်းလွတ်ခွင့် ရခဲ့ကြပါတယ်။
အရင်တုန်းက အမေရိကန်ကနေ ဗြိတိန်ကို အမဲသား ၁,၀၀၀ မက်ထရစ်တန် တင်ပို့ဖို့ သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။
ဒီလို သဘောတူညီမှုရခဲ့တာက အမေရိကန်ကနေ ဗြိတိန်ကို အမဲသားတင်ပို့မှု ပိုပြီး ပြုလုပ်နိုင်မှာဖြစ်ပြီး ၂၀ ရာခိုင်နှုန်း အခွန်ကောက်ခံမှု ဘေးကနေ ကင်းလွတ်ခွင့်ရမှာ ဖြစ်ပါတယ်။
ဒီလိုသဘောတူညီမှုရခဲ့တာနဲ့ ပတ်သက်ပြီး ဒေါ်လာ ၅ ဘီလီယံ ကုန်တင်ပို့ခွင့်ရမယ်လို့ အမေရိကန်က ပြောထားပြီး အဲဒီထဲမှာ အီသနော ဒေါ်လာ သန်း ၇၀၀ ဖိုးနဲ့ စိုက်ပျိုးရေးထွက်ကုန် ဒေါ်လာ သန်း ၂၅၀ ဖိုး ပါဝင်ပါတယ်။
Source: Reuters