
ကမ္ဘာ့ရွှေဈေး တရက်အတွင်း ဒေါ်လာ ၉၀ ဝန်းကျင် ရုတ်တရက် မြင့်တက်ခဲ့သလို ပြည်တွင်း ရွှေဈေးလည်း တရက်တည်းမှာ ကျပ်တသိန်းဝန်းကျင်အထိ ပြန်လည်မြင့်တက် လာပါတယ်။
ဈေးကွက်အချက်အလက်တွေအရ မနေ့ ဩဂုတ် ၁၉ ရက် မနက်ပိုင်းမှာ ကမ္ဘာ့ရွှေဈေးဟာ တအောင်စကို ဒေါ်လာ ၄,၃၉၈ ဝန်းကျင်မှာ ရှိခဲ့ပါတယ်။
ဒီနေ့ ဩဂုတ် ၂၀ ရက် မနက်ပိုင်းမှာတော့ ဒေါ်လာ ၄,၅၂၃ အထိ အမြင့်ဆုံး ထိုးတက်ခဲ့ပြီး မနေ့က ဈေးနဲ့ နှိုင်းယှဉ်ရင် ၂ ဒသမ ၈ ရာခိုင်နှုန်းနီးပါး မြင့်တက်လာတာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ဈေးကွက်အတွင်း အနည်းငယ် ပြန်လည်အေးဆင်းလာပြီး လက်ရှိမှာ ဒေါ်လာ ၄,၄၉၀ ဝန်းကျင်မှာ အရောင်းအဝယ် ဖြစ်နေပါတယ်။
ကမ္ဘာ့ရွှေဈေး အခုလို ရုတ်တရက် မြင့်တက်လာတာမှာ အမေရိကန် အတိုးနှုန်းမူဝါဒအပေါ် စျေးကွက်မျှော်မှန်းချက်တွေ၊ ငွေကြေးဈေးကွက် အခြေအနေတွေနဲ့ အရှေ့အလယ်ပိုင်း ပထဝီနိုင်ငံရေး တင်းမာမှုတွေကြောင့် ရွှေအပေါ် ဝယ်လိုအား မြင့်တက်လာတာတွေက အဓိက အကြောင်းရင်းတွေထဲမှာ ပါဝင်ပါတယ်။
ကမ္ဘာ့ရွှေဈေး မြင့်တက်လာမှုနဲ့အတူ ပြည်တွင်းရွှေဈေးလည်း လိုက်ပါမြင့်တက်လာပြီး မနေ့ မနက်ပိုင်းမှာ ကျပ် ၁၀၁ သိန်းဝန်းကျင် ရှိခဲ့ရာကနေ ဒီနေ့မှာတော့ ကျပ် ၁၀၂ သိန်းအထိ ပြန်လည်မြင့်တက်လာပါတယ်။
ဒါဟာ တရက်အတွင်း ကျပ်တသိန်းဝန်းကျင်၊ အကြမ်းဖျင်း ၁ ရာခိုင်နှုန်းနီးပါး မြင့်တက်လာတာ ဖြစ်ပါတယ်။
ရန်ကုန်ရွှေဈေးကွက် မြေပြင်အခြေအနေအရ ဈေးကောင်းရချိန်မှာ ပြန်လည်ရောင်းချလိုသူတွေ ရှိနေသလို ဈေးဆက်တက်နိုင်မဲ့ အလားအလာကြောင့် ဝယ်ယူစုဆောင်းသူတွေလည်း ရှိနေပါတယ်။
ဈေးကွက်စောင့်ကြည့်လေ့လာသူတွေကတော့ လက်ရှိရွှေဈေးဟာ အတက်အကျ ကြမ်းနေတဲ့ အတွက် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ဈေးကွက်အခြေအနေကို သေချာစောင့်ကြည့်ပြီး သတိထား အရောင်းအဝယ်ပြုလုပ်ကြဖို့ အကြံပြုထားပါတယ်။











