
ပြီးခဲ့တဲ့ ဧပြီလကစလို့ ၃ လဆက်တိုက် ကျဆင်းလာခဲ့တဲ့ စက်သုံးဆီဈေးနှုန်းတွေဟာ အခုတပတ်မှာ သိသိသာသာ ပြန်မြင့်တက်လာပြီး ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးအတော်များများက ဆိုင်တချို့မှာ ဆီပြတ်လပ်တဲ့ အခြေအနေတွေ ပြန်ဖြစ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဒီကနေ့ ဇူလိုင် ၂၄ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ ရန်ကုန်မြို့အတွက် တပတ်စာ ရည်ညွှန်းဈေးနှုန်းတွေအရ အောက်တိန်း ၉၂ တလီတာကို ၃,၃၅၀ ကျပ် သတ်မှတ်ထားတာကြောင့် ပြီးခဲ့တဲ့ အပတ်ထက် ၁၄၀ ကျပ် မြင့်တက် လာပါတယ်။
အလားတူ အောက်တိန်း ၉၅ တလီတာကို ၃,၄၆၀ ကျပ်၊ ရိုးရိုးဒီဇယ် တလီတာကို ၃,၅၆၀ ကျပ်နဲ့ ပရီမီယမ်ဒီဇယ် တလီတာကို ၄,၃၁၅ ကျပ် အသီးသီးသတ်မှတ်ထားတာကြောင့် အရင်အပတ်ဈေး ထက် ၁၇၅ ကျပ်ကနေ ၄၂၀ ကျပ်အထိ အသီးသီး မြင့်တက်လာပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ တတိယပတ်က အောက်တိန်း ၉၂ တလီတာကို ၄,၇၃၅ ကျပ်အထိ ရှိခဲ့ရာကနေ ဇူလိုင်လ တတိယပတ်မှာ ၃,၃၅၀ ကျပ်အထိ ကျဆင်းခဲ့ပါတယ်။
အောက်တိန်း ၉၅ ဆိုရင်လည်း ၄,၉၄၅ ကျပ်ကနေ ၃,၄၆၀ ကျပ်အထိ၊ ရိုးရိုးဒီဇယ်က ၆,၄၈၅ ကျပ်ကနေ ၃,၅၆၀ ကျပ်အထိ သိသိသာသာ ကျဆင်းခဲ့တာပါ။
အထူးသဖြင့် ပရီမီယမ်ဒီဇယ်ဟာ ဧပြီလအတွင်း ၇,၇၅၅ ကျပ်အထိ စံချိန်တင် မြင့်တက်ခဲ့ရာကနေ ဇူလိုင်လ တတိယပတ်မှာ ၃,၄၁၅ ကျပ်အထိ ၃ လဆက်တိုက် တရိပ်ရိပ်ကျဆင်းခဲ့ပြီးနောက် အခုသီတင်းပတ်မှာမှ အတက်ဘက်ကို ပြန်လည် ဦးတည်လာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်ကလုပ်တဲ့ စစ်အာဏာရှင်အစိုးရအဖွဲ့ အစည်းအဝေးမှာ နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချရေးအတွက် စားသုံးဆီ တင်သွင်းမှုတွေကို ထပ်မံလျှော့ချမယ်လို့ စစ်အာဏာရှင် မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။
အဲဒီနောက်ပိုင်း လက်တွေ့မြေပြင်မှာ စွမ်းအင်ဝန်ကြီးဌာနက အရောင်းဆိုင်တွေရဲ့ တပတ်စာ ဝယ်ယူခွင့်ခွဲတမ်း (PO) တွေကို ထက်ဝက်ကျော်အထိ ဖြတ်တောက်လိုက်တယ်ဆိုတဲ့ ပြောဆိုမှုတွေ လုပ်ငန်းရှင်တွေကြားမှာ ထွက်ပေါ်နေပြီး၊ အဲဒီအကျိုးဆက်ကြောင့် ဆီပြတ်လပ်မှုတွေ ကြုံတွေ့ နေရတယ်လို့လည်း ပြောဆိုနေကြပါတယ်။
အရင်ကတည်းက Bar Code နဲ့ QR Code စနစ်ကို အသုံးပြုပြီး ယာဉ်အမျိုးအစားအလိုက် ပမာဏ ကန့်သတ်ရောင်းချနေတာကြောင့် ကူးသန်းရောင်းဝယ်ရေးနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ ထိခိုက်နေရတယ်လို့ ယာဉ်မောင်းတွေနဲ့ လုပ်ငန်းရှင်အချို့က ပြောပါတယ်။
ရန်ကုန်မြို့က အငှားယာဉ်မောင်းတယောက်က “သူတို့ရောင်းပေးတဲ့ ပမာဏက လုံးဝ မလောက်ဘူး။ တပတ်မှာ ၆ ရက်စာလောက်ပဲ အဆင်ပြေတယ်။ ကျနော်တို့မှာ ခရီးသည်လိုက်ပို့နေရင်း ဆီပြတ် သွားမှာကြောက်လို့ ထိန်းမောင်းနေရတယ်။ ဆီပြတ်သွားရင်လည်း ဝယ်ချင်တိုင်း ဝယ်မရဘူးလေ” လို့ ပြောပါတယ်။
မွန်ပြည်နယ်၊ သထုံမြို့လို နယ်မြို့တွေမှာဆိုရင် အရောင်းဆိုင်အများစုပိတ်ထားတာကြောင့် ဆီလုံးဝ ဝယ်မရတဲ့ အခြေအနေအထိ ဆိုးရွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်သုံးဆီဈေးနှုန်းတွေဟာ ၃ လဆက်တိုက် ကျဆင်းခဲ့ပြီးနောက် ကမ္ဘာ့ဈေးကွက် အပြောင်းအလဲ တွေနဲ့ ပြည်တွင်းမူဝါဒဆိုင်ရာ အပြောင်းအလဲတွေရဲ့ ပေါင်းစပ်သက်ရောက်မှုကြောင့် ပြန်မြင့် တက်လာတာလို့ သုံးသပ်သူတွေက ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံခြားငွေ ထိန်းချုပ်ရေးနဲ့ တင်သွင်းမှုခွဲတမ်းလျှော့ချမှုတွေကလည်း ဈေးကွက်အတွင်း ဝယ်လိုအားနဲ့ ရောင်းလိုအားကိုမမျှတစေပြီး ဆီပြတ်လပ်မှုနဲ့ တန်းစီဝယ်ယူရတဲ့ အခြေအနေတွေကို လာမယ့်ရက်ပိုင်းအတွင်း ဆက်လက်ဖြစ်ပေါ်စေနိုင်တယ်လို့ သုံးသပ်သူတွေက ပြောဆိုနေကြ ပါတယ်။










