
ကပ္ပလီပင်လယ်မြောက်ပိုင်း၊ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းအနီးနဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း (ဧရာဝတီတိုင်းအနောက်ဘက်ကမ်းရိုးတန်း - ရခိုင်ကမ်းရိုးတန်း တောင်ပိုင်း) ပင်လယ်ပြင်မှာ မေ ၁၆ ရက်၊ ၁၇ ရက်နေ့ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်းရှိတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ထုတ်ပြန်ထားပါတယ်။
ဒီနောက် မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်မှာဖြစ်ပြီး ပင်လယ်ပြင်ကျဉ်းသွားတဲ့နေရာ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းအရောက်၊ မေ ၁၉ ရက်မှာ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းအထိ ပြန်လည်လျော့ကျလာတယ်လို့ ဆိုပါတယ်။
မေ ၁၆ ရက်မှ ၂၀ ရက်အတွင်း ဖြစ်လာနိုင်တဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ကနဦးခန့်မှန်းချက်အရ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားနိုင်မှာ မဟုတ်ကြောင်းနဲ့ ရွေ့လျားမယ့်လမ်းကြောင်း ညာဘက်ခြမ်းရှိ မြန်မာနိုင်ငံအပေါ် အရှိန်သက်ရောက်မှုတွေတော့ များနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မိုးဇလဌာန ရန်ကုန်ဌာနခွဲကလည်း ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း ကပ္ပလီကျွန်းအနီးမှာ လေဖိအားနည်းဆဲလ်တခု ဖြစ်ပေါ်လာနိုင်ပြီး မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားကာ မေ ၁၃ ရက်မှာ ကိုကိုးကျွန်းအနီး လေဖိအားနည်းရပ်ဝန်းအဖြစ် အားကောင်းလာနိုင်တယ်လို့ ခန့်မှန်း ထုတ်ပြန်ထားပါတယ်။
ဖြစ်ပေါ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် မိုးသက်လေပြင်းတွေ ကျရောက်နိုင်တယ်လို့လည်း သတိပေး ထုတ်ပြန်ထားပါတယ်။