
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ မေ ၇ ရက် မနက်စောပိုင်းက ဆိုင်ကယ်စီးအမျိုးသား တယောက် ကားကြိတ်ခံရပြီး သေဆုံးသွားကာ ထွက်ပြေးသွားတဲ့ ယာဥ်မောင်းဖြစ်သူကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ Kawlin Info အဖွဲ့ကနေ သိရပါတယ်။
Kawlin Info အဖွဲ့ရဲ့ တာဝန်ရှိသူက “မြစ်ကြီးနား-ရွှေဘို ကားလမ်းပေါ်မှာ အမျိုးသားတယောက်ရဲ့ ခေါင်းပြားပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ရုပ်အလောင်းကို အဲဒီနေ့ မနက် ၇ နာရီခွဲလောက်မှာ ဆိုင်ကယ်နဲ့အတူ တွေ့ခဲ့ရလို့ စုံစမ်းကြည့်တဲ့အခါမှာ ကားကြိတ်ခံရတယ်ဆိုတာ သိရတယ်။ သေဆုံးသူရဲ့ နာရေးကိုတော့ အဲဒီနေ့ ညနေပိုင်းမှာပဲ အပြီးဆောင်ရွက်လိုက်ကြတယ်” လို့ ပြောပါတယ်။
ကားကြိတ်ခံရသူဟာ ကောလင်းမြို့နယ်၊ ကုက္ကိုကုန်းကျေးရွာမှာ နေထိုင်တဲ့ အသက် ၅၀ အရွယ် ဦးကျန့် ဆိုသူဖြစ်ကာ မြစ်ကြီးနား-ရွှေဘို ကားလမ်းပေါ်က ကုက္ကိုကုန်းကျေးရွာ မြောက်ဘက်မှာ သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကောလင်းခရိုင် ပကဖရဲ့ တာဝန်ခံတယောက်က “ကားတိုက်မှုနဲ့ဆက်စပ်တဲ့ ယာဥ်မောင်းကို မြို့နယ် ပကဖ ရဲဘော်တွေက ဖမ်းဆီးရမိပြီးတော့ ကောလင်းမြို့နယ် ပလဖ ဆီကို လွှဲပြောင်းပေးထားခဲ့ပြီးပါပြီ။ ပလဖ ဘက်ကလည်း လိုအပ်တဲ့ စစ်ဆေးဆောင်ရွက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ အရေးယူတဲ့အပိုင်းကတော့ အထက်အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ပြီး ဆက်လက်ဆောင်ရွက်သွားမှာပါ” လို့ ပြောပါတယ်။
အဆိုပါဖြစ်စဥ်ကို ကျူးလွန်ပြီး ထွက်ပြေးသွားတဲ့ ယာဥ်မောင်းကိုတော့ အဲဒီနေ့ ညနေပိုင်းမှာပဲ ဖမ်းဆီးရမိခဲ့တာလို့ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။