
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ လူတစုက အမျိုးသမီးတယောက်ကို သေနတ်ပြခြိမ်းခြောက်ပြီး ကလေးငယ်ကို ပြန်ပေးဆွဲ ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပြန်ပေးဆွဲခံရတဲ့ဖြစ်စဉ်ကို သိရှိတဲ့ ဒေသခံက “သေနတ်သမားတွေက ၃ ယောက် ၄ ယောက်လောက် ပါမယ်ထင်တယ်။ ဆိုင်ကယ်ကို ရပ်ခိုင်းပြီး အတင်းဆွဲခေါ်သွားတာလို့ သိရတယ်။ ဆိုင်ကယ်နဲ့ မူကြိုလိုက်ပို့ရင်း ဖြစ်သွားတာ” လို့ ပြောပါတယ်။
ပြန်ပေးဆွဲခံရတဲ့ ကလေးဟာ အသက် ၁၀ နှစ်ဝန်းကျင်အရွယ်ဖြစ်ပြီး အဲဒီကလေးကို ခေါ်ဆောင်သွားတဲ့အဖွဲ့က ဘာမှမတောင်းယူသွားသလို မေ ၈ ရက် နေ့လယ်ပိုင်းအထိ မိသားစုဆီ ဆက်သွယ်လာတာ မရှိသေးဘူးလို့ ဆိုပါတယ်။
ပြန်ပေးဆွဲခံရတဲ့ မိသားစုနဲ့ ရင်းနှီးသူက “ပြန်ပေးဆွဲသူတွေက ဆိုင်ကယ်နဲ့လာတာ။ ကလေးကို အတင်းဆွဲခေါ်တာ၊ ကလေးက ငိုတာပေါ့နော်၊ အမေဖြစ်သူက သားကိုမခေါ်သွားပါနဲ့၊ ဆိုင်ကယ်ယူသွားပါလို့ တောင်းပန်ပြောတာတောင် မရဘူး” လို့ ပြောပါတယ်။
ပြန်ပေးဆွဲမှုဖြစ်ပွားတဲ့ မုံရွာမြို့ဟာ စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီတပ်စိုးမိုးတဲ့ ဒေသဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တည်ရှိတဲ့မြို့နယ် ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြန်ပေးဆွဲခံရ ကလေးငယ်ကို တွေ့ရှိပါက အောက်ပါဖုန်းနံပါတ်တွေဖြစ်တဲ့ 09963577043၊ 09450155700 တို့ကို ဆက်သွယ်ပေးဖို့ မိသားစုက မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းထဲက မုံရွာမှာ အခုဖြစ်စဉ်ဟာ မေလအတွင်း ၃ ကြိမ်မြောက် ပြန်ပေးဆွဲ၊ ဓားပြတိုက်ခံရမှုဖြစ်ပြီး မေ ၁ ရက်ကလည်း မုံရွာမြို့၊ သလ္လာရပ်ကွက်ထဲရှိ ရွှေဆိုင် ဓားပြတိုက်ခံရသလို မေ ၄ ရက်ကလည်း မုံရွာမြို့၊ နန္ဒ၀န်ရပ်ကွက်ထဲရှိ liquor ဆိုင်က ကလေးနဲ့ မိခင်တို့ ပြန်ပေးဆွဲခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။