DVB Logo
Home
မြန်မာသတင်း
ငလျင်ဒဏ်သင့် သဲတော၊ ဝမ်းတွင်းနှင့် စစ်ကိုင်းတွင် ပြန်လည်ထူထောင်ရေး မစနိုင်သေး
DVB
·
May 8, 2025
ငလျင်ဒဏ်သင့် သဲတော၊ ဝမ်းတွင်းနှင့် စစ်ကိုင်းတွင် ပြန်လည်ထူထောင်ရေး မစနိုင်သေး
Donate to DVB

သဲတောမြို့၊ ဝမ်းတွင်းမြို့နဲ့ စစ်ကိုင်းမြို့တွေမှာ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အအုံတွေကို ရှင်းလင်းရေးလုပ်ဆောင်ရာမှာ မပြီးသေးတာကြောင့် ငလျင်လှုပ်အပြီး ရက်ပေါင်း ၄၀ လောက်ကြာတဲ့အထိ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ မစနိုင်သေးဘူးလို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ သဲတောမြို့နဲ့ ဝမ်းတွင်းမြို့တွေမှာ နေအိမ်၊ အဆောက်အအုံ၊ စက်ရုံပေါင်း အလုံး ၃၂၀ ပြိုကျပျက်စီးခဲ့ပါတယ်။

မြေငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၂၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၈၀ ကျော် ရှိခဲ့ပါတယ်။ ဒါ့အပြင် မြို့နယ်အတွင်းက ဘုရားစေတီ၊ ကျောင်းပေါင်း ၂၀၀ နီးပါးနဲ့ ဗလီဘုရားကျောင်း ၄ လုံး ပြိုကျပျက်စီးခဲ့ပါတယ်။

ဝမ်းတွင်းမြို့က လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က “လောလောဆယ်ဆယ်တော့ ဒီမှာက လုပ်ငန်းကိုင်ငန်းတွေက မကောင်းဘူး။ လောလောဆယ်တော့ ပြန်လည်ထူထောင်ရေးက ဘယ်သူမှ မလုပ်နိုင်သေးဘူး။ ဘယ်လိုပြောရမလဲ။ လက်ရှိ ပြိုတဲ့ဟာတွေ ဖြိုချနိုင်တဲ့ အဆင့်လောက်ပဲ ရှိသေးတယ်။ ပြန်လည်ထူထောင်ရေးက ဘာမှကို မစကို မစနိုင်သေးတာ။  အဓိကကတော့ ငွေရေးကြေးရေးပေါ့။ တကယ် သတ်သတ်မှတ်မှတ် ထောက်ပံ့တဲ့ အဖွဲ့အစည်းတွေက ထောက်ပံ့နိုင်ရင် ပြန်လည်ထူထောင်ရေးက မြန်ဆန်သွားနိုင်မယ်။ တချို့ဆိုရင် ဖြိုဖို့ကို ပိုက်ဆံမတတ်နိုင်လို့ မဖြိုရသေးတဲ့တိုက်တွေ ကျန်သေးတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် စစ်ကိုင်းမြို့ပေါ် ၂၂ ရပ်ကွက်နဲ့ မြို့နယ်တွင်းက ‌ကျေးရွာတွေမှာ နေအိမ်၊ အဆောက်အအုံတွေ ၁၀၀ ရာခိုင်နှုန်းနီးပါး ထိခိုက်ပျက်စီးခဲ့ပါတယ်။

ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရာမှာ သေဆုံးသူ ၇၀၀ နီးပါးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁,၀၀၀ ကျော် ရှိခဲ့ပါတယ်။ လက်ရှိမှာလည်း ရှင်းလင်းရေးလုပ်ငန်းတွေ မပြီးသေးဘူးလို့ စစ်ကိုင်းမြို့က လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။

“ဘယ်သူမှ ပြန်မဆောက်နိုင်သေးဘူး ဖျက်တုန်းပဲ။ ပြန်လည်ထူထောင်ရေးမှာ ဘယ်အိမ်မှ အသစ်ပြန်မဆောက်နိုင်သေးဘူး။ ဆောက်တာလည်း မမြင်သေးဘူး။ တချို့ဟာတွေက ရှင်းလင်းရေးကို မပြီးသေးဘူး။ ကျနော်တို့ရပ်ကွက်လိုဟာမျိုးဆိုရင် ဖျက်ကိုမဖျက်ရသေးဘူး။ မြို့ပေါ်မှာ ၉၀ ရာခိုင်နှုန်း ပြီးသွားပြီ။ ကျနော့်ရပ်ကွက်ကတော့ ၁၀၀ ရာခိုင်နှုန်း မပြီးသေးဘူး။ အခက်အခဲက ပိုက်ဆံပေါ့” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက် ၄,၄၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရသူ ၁၁,၀၀၀ ကျော်၊ ငလျင်ဘေးသင့်သူ ၁၉၀,၀၀၀ ကျော်ရှိခဲ့ပြီး နေအိမ် အဆောက်အအုံ ၅၀,၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ DVB က ဧပြီ ၁၆ ရက်အထိ စုစည်းရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013