
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ဇရပ်ဆိပ်ရွာမှာ စစ်ကောင်စီဘက်က ဧပြီ ၆ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်လောက်မှာ တိုက်လေယာဥ်နဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ဧပြီ ၆ ရက် မနက် ၁၀ နာရီဝန်းကျင်လောက်မှာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဘက်က စက်တော်ရာရွာမှာ အင်အား ၃၀ ဝန်းကျင် တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို ၆၀ မမ ဗုံးသီးတလုံးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
အခုလိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် ထိခိုက်ဒဏ်ရာရပြီး စစ်ကောင်စီဘက်က ပြန်လွှတ်လိုက်တဲ့ ဒရုန်းတစီးကိုလည်း တော်လှန်ရေးတပ်ဖွဲ့ဘက်က ဖျက်ချနိုင်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အဲဒီနေ့ နေ့လယ် ၁၂ နာရီလောက်မှာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူခေါ်ပြီး ဇရပ်ဆိပ်ရွာကို တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “တော်လှန်ရေးတပ်ဖွဲ့ဘက်က ဒရုန်းနဲ့တိုက်ခိုက်တာ စကစဘက်က အထိနာလို့ လေကြောင်းနဲ့ ဗုံးလာကြဲတာပါ။ ဗုံးသီးက ဥယျာဥ်ခြံထဲ ပေါက်ကွဲသွားတာပါ။ လူတော့ အထိအခိုက်မရှိဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်ကလည်း ပုလောမြို့နယ်၊ ပါဒစက်တော်ရာဘုရား တိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ ၂၃ ကြိမ် ခုခံတိုက်ခိုက်မှုကြောင့် အရပ်သား ၁,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Photo;Reuters