
ဖင်လန်နိုင်ငံမြောက်ပိုင်းရှိ ရိုဗာနီယယ်မီ လေဆိပ်အနီးမှာ မေ ၇ ရက်က ဖင်လန်လေတပ်ပိုင် တိုက်လေယာဉ်တစင်း ပျက်ကျခဲ့ကြောင်း နိုင်ငံရဲ့စစ်တပ်က ပြောကြားခဲ့ပြီး လေယာဉ်မှူးဟာ လေယာဉ်ပေါ်က ခုန်ထွက်ခဲ့ပြီးနောက် ဆေးရုံကို ပို့ဆောင်ထားရပါတယ်။
လေယာဉ်ပျက်ကျရာ လမ်းကြောင်းကနေ မီးခိုးတွေတက်လာပြီး လေထဲမှာ မီးခိုးနံ့ပြင်းပြင်းတွေ ထွက်လာတယ်လို့ YLE အသံလွှင့်ဌာနက ထုတ်ပြန်ပါတယ်။
နယ်မြေခံရဲတွေက အဲဒီနေရာကို ပိတ်ချထားပါတယ်။ ရဲတွေဟာ လေဆိပ်အသွားလမ်းကို ယာဉ်ကြောပိတ်ဆို့ထားပြီး လေဆိပ်ဝင်ရောက်ခွင့်ကိုလည်း ပိတ်ဆို့ထားပါတယ်။
လေတပ်ရဲ့ထုတ်ပြန်ချက်မှာတော့ “F/A-18 ဟောနက်ထ် တိုက်လေယာဉ်တစင်း ရိုဗာနီယယ်မီ လေဆိပ်ဧရိယာမှာ မြေပြင်ကို ပြုတ်ကျခဲ့ကြောင်း” ဖော်ပြထားပါတယ်။
နောက်ပိုင်းမှာ လေယာဉ်မှူးကို စစ်ဆေးကြည့်ဖို့ ဆေးကုသဆောင်ကို ခေါ်ဆောင်သွားခဲ့ပြီး မြေပြင်ပေါ်မှာ ဒဏ်ရာရရှိသူ ဘယ်သူမှ မရှိခဲ့ကြောင်းလည်း ဆိုပါတယ်။
ရိုဗာနီယယ်မီလေဆိပ်ကို ဆက်လက်ဖွင့်လှစ်ထားကြောင်း လေဆိပ်အော်ပရေတာက သီးခြား ပြောဆိုပါတယ်။
ဖင်လန်နိုင်ငံမှာ ၁၉၉၂ ခုနှစ်မှ ၂၀၀၀ ခုနှစ်အတွင်း ဝယ်ယူခဲ့တဲ့ ဟောနက်ထ် တိုက်လေယာဉ် ၆၂ စင်း ရှိပါတယ်။
၂၀၂၁ ခုနှစ်မှာတော့ နော်ဒစ်နိုင်ငံဟာ အဲဒီလေယာဉ်တွေကို လော့ခ်ဟိထ် မာတင် F-35 တိုက်လေယာဉ်တွေနဲ့ အစားထိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
Source: Reuters