DVB Logo
Home
မြန်မာသတင်း
ရွှေဘို-မြစ်ကြီးနားကားလမ်းက ကျေးရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲ
DVB
·
May 8, 2025
ရွှေဘို-မြစ်ကြီးနားကားလမ်းက ကျေးရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲ
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘို-မြစ်ကြီးနားကားလမ်းက ကျေးရွာတွေကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ပြီး ကောလင်းမြို့နဲ့ ၅ မိုင်အကွာက ရွာတွေကိုလည်း စစ်ကြောင်းထိုးနေလို့ ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့  တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

ကောလင်းနဲ့ အင်းတော်မြို့ကို သွားနိုင်တဲ့ ရွှေဘို-မြစ်ကြီးနားကားလမ်းက ကောလင်းမြို့နဲ့ ၈ မိုင်ကျော်ဝေးတဲ့ ရှောက်ပင်ခြုံရွာကို စစ်ကောင်စီလေတပ်က မေ ၇ ရက် မနက်အစောပိုင်းမှာ ဗုံးကြဲတိုက်ခိုက်သွားတာလို့ ဆိုပါတယ်။

ဒေသခံ တော်လှန်ရေးရဲဘော်တယောက်က “အင်းတော်ကို ဆုံးရှုံးသွားတော့ နယ်မြေစိုးမိုးမှု မရှိတော့လို့ မစားရတဲ့အမဲ သဲနဲ့ပက်နေတာ။ ဒီမှာက လေကြောင်းပစ်ခံရတာက ပုံမှန်လို ဖြစ်နေတော့ ပစ်တုန်းခဏရှောင်ပေါ့”လို့ ပြောပါတယ်။

ရှောက်ပင်ခြုံရွာကို မနက် ၁ နာရီကျော်မှာ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်တိုက်လေယာဉ်နဲ့ ဗုံး ၂ ကြိမ်ကြဲလို့ ဒေသခံ ဦးမောင်ဝေရဲ့ နေအိမ်ပေါ်ကျပြီး နေအိမ်ပျက်စီးသွားပေမဲ့ လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

အဲဒီရှောက်ပင်ခြုံရွာနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်တာ စစ်ကြောင်းထိုးတာတွေမရှိဘဲ ဗုံးကြဲချတာဖြစ်ပြီး ရှောက်ပင်ခြုံရွာကို လျှပ်စစ်မီးပေးနေတဲ့ ထရန်စဖော်မာတော့ ပျက်စီးသွားတယ်လို့ ဒေသခံတယောက် ပြောပါတယ်။

ရှောက်ပင်ခြုံရွာဟာ ရွှေဘိုကနေ ကောလင်းကို သွားရင်လည်း ဖြတ်သန်းရတဲ့ရွာ ဖြစ်သလို  တော်လှန်ရေးတပ်တွေ သိမ်းထားတဲ့ အင်းတော်မြို့ကိုသွားရင်လည်း ဖြတ်သန်းရတဲ့ရွာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မန္တလေး-ရွှေဘို-မြစ်ကြီးနားကားလမ်းနဲ့ ရထားလမ်းပိုင်း အပါအဝင် အရေးပါတဲ့နေရာတွေကို တော်လှန်ရေး အင်အားစုတွေက စိုးမိုးထိန်းချုပ်ထားပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နှစ်ဆန်းပိုင်းမှာ ထုတ်ပြန်ထားတာပါ။

စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေအပြင် ကောလင်းမြို့နဲ့ ၅ မိုင်ဝန်းကျင်အထိကိုပါ စစ်ကြောင်းထိုးလို့ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်တာကြောင့် အရပ်သားတွေလည်း နေမရဲဘဲ ထွက်ပြေးနေကြရတယ်လို့လည်း ဆိုပါတယ်။

မတ်လ ၅ ရက် မနက်ပိုင်းက ကောလင်းမြို့ထဲကနေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကောလင်းခရိုင် တပ်ရင်း (၁)၊ ပကဖပူးပေါင်းအဖွဲ့တွေ မြို့နဲ့  ၂ မိုင်အကွာ တာရွာအနီးမှာ တိုက်ပွဲဖြစ်ကြတာလို့ သိရပါတယ်။

တိုက်ပွဲအတွင်းမှာ အရပ်သား အသက် ၅၀ ကျော်အရွယ် ဒေါ်ဥ ကျည်ထိမှန် သေဆုံးသွားပြီးနောက် စစ်ကောင်စီတပ်က ကောလင်းမြို့ထဲကို ပြန်ဝင်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကောလင်းမြို့နဲ့ ၅၈ မိုင်ဝန်းကျင်ဝေးတဲ့ အင်းတော်မြို့ကို တော်လှန်ရေးတပ်တွေ ဧပြီ ၉ ရက်မှာ သိမ်းပိုက်လိုက်ပြီးနောက် အဲဒီနေ့ကစလို့ ကောလင်းအရှေ့ခြမ်း ညောင်ကုန်းရွာ၊ ကချင်ကုန်းရွာ၊ အင်ပင်လှရွာ၊ ကောလင်းခရိုင် ဝန်းသိုမြို့နယ်ထဲက နမ်းခမ်းရွာတွေကို စစ်ကောင်စီလေတပ်က လေကြောင်းတိုက်ခိုက်တာတွေ လုပ်လာတာပါ။

စစ်ကောင်စီလေတပ်ဟာ အဲဒီနေ့မှာပဲ အင်ပင်လှရွာ စာသင်ကျောင်းကို ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲတာကြောင့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တယောက် သေဆုံးပြီး အရပ်သား ၃ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီနေ့မှာပဲ ဝန်းသိုမြို့နယ်ထဲက နမ်းခမ်းရွာကို လေကြောင်းတိုက်ခိုက်တာကြောင့်လည်း အရပ်သား ၂၅ ယောက်ထက် မနည်းသေဆုံးခဲ့ရပါတယ်။

နန်းခမ်းကျေးရွာဟာ ဝန်းသိုမြို့နယ်နဲ့ အင်းတော်မြို့နယ်အကြားမှာရှိတဲ့ NUG ရဲ့ စိုးမိုးနယ်မြေဖြစ်ပြီး အင်းတော် မြို့ နဲ့ မိုင် ၃၀ လောက် ဝေးတာပါ။

ဧပြီ ၁၁ ရက်မှာတော့ တောင်ဘို့လှအုပ်စု လျှော်ဖြူကုန်းရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ ကောလင်းမြို့ ပြင်ဦးလွင်ရပ်ကွက်က လာပြီးစစ်ရှောင်တဲ့ အသက် ၅၀ အရွယ် အမျိုးသမီး ၂ ယောက် သေဆုံးခဲ့ရပါတယ်။

ဧပြီ ၁၃ ရက်မှာ ညောင်ကုန်းရွာ ဆီဆိုင်ကို လေကြောင်းက ၃ ကြိမ်တိုက်ခိုက်လို့ အရပ်သားအမျိုး သားတယောက်နဲ့ အမျိုးသမီးတယောက်တို့  ဒဏ်ရာရရှိခဲ့ပါတယ်။

ကောလင်းမြို့ကို တော်လှန်ရေးအင်အားစုတွေဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပေမဲ့ စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် ပြန်လည်ဆုတ်ခွါပေးလိုက်ရတာဖြစ်ပါတယ်။

ကောလင်းမြို့အနီးက ဝန်းသို၊ အင်းတော်မြို့တွေကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပေမဲ့ ဗန်းမော်မှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး ကသာမြို့မှာလည်း စစ်ရေးငြိမ်သက်မှု ရှိမနေဘူးလို့ သိရပါတယ်။

စစ်ကောင်စီကတော့ အင်အားပြင်း ငလျင်ကြောင့် မေ ၆ ရက်ကနေ မေ ၃၁ ရက်အထိကို ထပ်တိုးအပစ်ရပ်တယ်လို့ ကြေညာထားပြီး တဖက်မှာလည်းနေ့စဉ် ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လုပ်နေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားချက် အရတော့ မတ် ၂၈ ရက်ကနေ မေ ၂ ရက်အထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၂၈၂ ကြိမ်ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကြောင့်ပဲ အရပ်သား ၂၇၆ ယောက် သေဆုံးပြီးတော့ ၄၅၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013