DVB Logo
Home
မြန်မာသတင်း
ငလျင်ကြောင့် စိုက်ပျိုးမြေများ အက်ကွဲသွားသဖြင့် စိုက်ဧက လျော့ကျနိုင်ဟု တောင်သူများပြော
DVB
·
May 8, 2025
ငလျင်ကြောင့် စိုက်ပျိုးမြေများ အက်ကွဲသွားသဖြင့် စိုက်ဧက လျော့ကျနိုင်ဟု တောင်သူများပြော
Donate to DVB

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမှာ ငလျင်ဘေးဒုက္ခကို ခံစားရတဲ့ တောင်သူတွေဟာ အက်ကွဲနေတဲ့ စိုက်ပျိုးမြေတွေမှာ ရာသီချိန်မီ ဧကကုန် မစိုက်ပျိုးနိုင်တာကြောင့် စိုက်ဧက လျော့ကျဖို့ ရှိနေတယ်လို့  တောင်သူတွေက ပြောပါတယ်။ 

မတ် ၂၈ ရက်က လှုပ်ခတ်သွားတဲ့ စစ်ကိုင်းငလျင်ကြီးက လူနေတိုက်တာ၊ ထရံကာ အဆောက်အအုံတွေကို ပြိုကျစေတဲ့အပြင် ယာခင်း၊ လယ်ကွင်းထဲက စိုက်ပျိုးမြေတွေကိုလည်း ကွဲအက်စေခဲ့ပြီး အနိမ့်အမြင့် မညီတာ၊ ခိုင်းနွား သေဆုံးတာတွေလည်း ဖြစ်ပေါ်ခဲ့တယ်လို့ တပ်ကုန်းမြို့နယ် မြောက်မြိုက်ကျေးရွာက တောင်သူတယောက်က ပြောပါတယ်။

ဒီလိုအခြေအနေတွေကြောင့် လာမယ့် ၂၀၂၅ မိုးရာသီမှာ သီးနှံစိုက်ပျိုးနိုင်ဖို့ ခက်ခဲတဲ့ အခြေအနေဖြစ်လာတယ်လို့ တောင်သူ တယောက်က ပြောပါတယ်။

“ကျနော်တို့ မြေကြီးက လမ်းနဲ့တသားတည်းလေ။ အောက်ကို မြုပ်သွားတာ၊ လူတရပ်ကျော်တယ်။ နေလို့လည်း မဖြစ်ဘူး၊ နေလည်း မနေရဲဘူး၊ လွတ်ရာကျွတ်ရာ သူများအကွက်ထဲကို နေနေရတာလေ။ ကျနော်တို့ နွားက  ၂ ကောင်ပိသွားတာ။ အလတ်က ရှင်တယ်၊ ကြီးတဲ့နွားမကြီးက ခါးရိုးကျိုးသွားတာ။ မျိုးနဲ့ နွားမကြီးက မျိုး ၆ လနဲ့ သေသွားတာ။ ခိုင်းတဲ့နွားမကြီး။ နွားတဖက်ပြုတ်သွားတော့ အားလည်းလျော့သွားတာလေ။ မလုပ်တော့ဘူး ခုတနှစ်။”

ငလျင်လှုပ်ခတ်ပြီး တလကျော်ကြာလာတဲ့အထိ အိမ်ရာပြန်လည်ထူထောင်ဖို့အတွက် စစ်ကောင်စီအနေနဲ့ ထိထိရောက်ရောက် ကူညီပေးနိုင်တာ မရှိသလို တောင်သူတွေမှာလည်း အကျပ်အတည်းတွေကြောင့် နွားတင်းကုပ်၊ နွားစာတိုက်ကအစ နေအိမ်တွေကို ပြန်လည်တည်ဆောက်နိုင်တဲ့ အခြေအနေမှာလည်း မရှိသေးပါဘူး။

ဒီလို အထွေထွေအခက်အခဲတွေကို ရင်ဆိုင်ရတဲ့အပြင် ငလျင်လှုပ်ခတ်ချိန်မှာ ထိတ်လန့်စရာကောင်းတဲ့ စိတ်အခြေအနေတွေကြောင့် တောင်သူတွေဟာ လာမယ့် ၂၀၂၅ မိုးရာသီ၊ စိုက်ပျိုးချိန်မှာ ဧကကုန် စိုက်ပျိုးဖို့ ခက်ခဲလာတာ ဖြစ်ပါတယ်။

တောင်သူတယောက်က “စိုက်နိုင်ပြုနိုင်မယ့် အခြေအနေကတော့ မမြင်ပါဘူး။ နေရထိုင်ရတာကလည်း အဆင်မပြေ အိမ်တွေက။ ယာခင်းတွေကလေ အလယ်မှာ ချောက်ကြီးတွေ ဖြစ်သွားတာ။ ဟိုဘက်လည်း ထယ်ထိုးမလောက်။ ဒီဘက်လည်း ထယ်ထိုးမလောက် တပိုင်းတစတွေပေါ့။ အခြေအနေကတော့ လုံးလုံးမကောင်းပါဘူးရှင့် ထွန်သာထွန်ရတာ။ မစိုက်နိုင်ရင်လည်း ဆီကြိတ်မယ်။ ဒီဟာကတော့ ထွန်ထားရတာပဲလေ။ မိုးမရွာခင်။ မစိုက်နိုင်တဲ့အခြေအနေဆိုတာက ဒီလှုပ်ထားတော့ မြေတွေ အက်ကွဲကုန်တာကြောင့်ပါ။ တောင်သူဘက်က နွားမရှိလို့ အကြောင်းအရာမဟုတ်ဘူး။ မြေတွေက အက်ကွဲကုန်တော့ ထွန်မှုန်းတာကိုက အဆင်မပြေဘူး။ နွားဆင်းဖို့က အဆင်မပြေဘူး။ အကူအညီကတော့ စက်တွေပဲ လိုတာပေါ့။ စက်အင်အားကောင်းရင်တော့ စက်တွေနဲ့ညှိပြီး အဆင်ပြေတာပေါ့။ အဲဒီလိုမှ အဆင်ပြေမယ်။ နွားနဲ့ကတော့ အဆင်မပြေဘူး”လို့ ပြောပါတယ်။

ငလျင်ကြောင့် ဆည်ထိခိုက်ပျက်စီးတာတွေလည်းရှိခဲ့ပြီး လတ်တလော ပျက်စီးခဲ့တဲ့ ဆင်သေရေလွှဲဆည်ဘောင်ကို ပြန်လည်ပြုပြင်ထားပေမဲ့ ဆည်ရေအပြည့် မသွင်းနိုင်သေးဘူးလို့ ဆိုပါတယ်။

လတ်တလော ဆင်သေအထက်ဆည်ကရေကို ရေလွှဲဆည်ကတဆင့် ပိုက်နဲ့ဆွဲတင်ပြီး ဘောင်ကိုကျော်ကာ လက်တံမြောင်းအတွင်း ရေသွင်းနေသလို ဆည်အောက်ဘက်မှာ စိုက်ပျိုးထားတဲ့ နွေစပါးခင်းတွေလည်း အောင်ရေ အချိန်မီမရပါက အထွက်နှုန်း လျော့ကျလာမယ်လို့ တောင်သူတွေက ပြောပါတယ်။ 

ငလျင်ကြောင့် စိုက်ပျိုးမြေ ၉ သန်းနီးပါးထိခိုက်နိုင်ပြီး ကျွဲ နွားကောင်ရေ ၃ ဒသမ ၆ သန်းကျော် ထိခိုက်နိုင်တယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့ (FAO) က ခန့်မှန်းသုံးသပ်ထားပါတယ်။ 

ဟန်န

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013