DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် ရေကြီးမှုကြောင့် လယ်ပျက်စီးသွားသည့် တောင်သူများ အကူအညီလိုအပ်နေ
DVB
·
July 30, 2026
Photo: DVB
Photo: DVB
Donate to DVB

ရခိုင်ပြည်နယ်က မြို့နယ် ၁၁ မြို့နယ်ထက်မနည်းမှာ ဇူလိုင်လ ဒုတိယအပတ်က ရေကြီးရေလျှံလို့ လယ်မြေပျက်စီးသွားတဲ့ တောင်သူတွေမှာ ပြန်လည်ထွန်ယက် စိုက်ပျိုးနေကြတာကြောင့် မျိုးစပါး အပါအဝင် ငွေကြေးအကူအညီတွေ လိုအပ်နေကြတယ်လို့ တောင်သူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဇူလိုင် ၆ ရက်ကနေ ၁၃ ရက်အထိ ရေကြီးရေလျှံခဲ့ပြီး လယ်ဧက သောင်းနဲ့ချီ တပတ်နီးပါးကြာ ရေနစ်မြုပ်ကာ ရေကြီးရေလျှံတဲ့ဒဏ်ကို ရင်ဆိုင်ခဲ့ကြရတာပါ။

ကျောက်တော်မြို့နယ် ပန်းဖဲချောင်း ကျေးရွာမှာလည်း လယ်ဧက ၃,၀၀၀ ‌ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး လက်ရှိမှာ ပြန်လည် ထွန်ယက်နေကြရသလို မျိုးစပါးတွေ မရှိတော့လို့ စားစပါးတွေကို ကြဲနေကြရတယ်လို့ ပန်းဖဲချောင်းကျေးရွာက လယ်သမား ကိုမောင်ပိုင် က ပြောပါတယ်။

“လယ်တွေ ပျက်စီးဆုံးရှုံးမှုကတော့ ကျနော်တို့ ပန်းဖဲချောင်းမှာတော့ လယ်သမားအများစု ပျက်စီးမှုရှိကြပါတယ်။ ရွာနားကွင်းတွေက ပျက်စီးမှု နည်းပေမဲ့ အထက်ပိုင်းကွင်း ဆိုတော့ တယောက်မကျန် ပျက်စီးမှုရှိကြတယ်။ အခုဆို ပျက်စီးသွားတဲ့ လယ်သမားတွေက ပြန်ထွန်ပြီးတော့ ကြဲနေကြရတယ်။ ကြဲပြီးသား စပါးခင်းတွေက မိုးဒဏ်၊ ရေကြီးမှုဒဏ်ကြောင့် ပျက်စီးသွားတော့ ပြန်ပြီးတော့ ထွန်ပြီး ကြဲနေကြရတာ။ လိုအပ်ချက်ကတော့ အခုဆို မျိုးစပါးတွေ ရှားနေတော့ တခြားနေရာတွေက လိုက်ရှာနေကြရတယ်။ မျိုးစပါး လိုအပ်နေကြတယ်။ နောက် စက်ဝင်လို့ မရတော့တဲ့သူတွေမှာလည်း အခက်ခဲတွေ ရှိနေကြတယ်။ အဲဒါတွေကိုလည်း မထွန်ဘဲ ကြဲနေကြရတယ်။”

ရေကြီးရေလျှံမှုဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရတဲ့ ပန်းဖဲချောင်းကျေးရွာမှာ လယ်ဧက အနည်းဆုံး ၃,၀၀၀ ကျော်လောက် ပျက်စီးနိုင်တယ်လို့ လယ်သမားတွေက ပြောပါတယ်။

လက်ရှိမှာ ပျက်စီးသွားတဲ့ လယ်တွေကို ပြန်လည်ထွန်ယက် စိုက်ပျိုးရမှာ ဖြစ်တာကြောင့် မျိုးစပါးတွေ မရှိတော့လို့ စားစပါးတွေကို ကြဲရမဲ့ အခြေအနေတွေ ရှိနေသလို စက်ထွန်စရိတ် ငွေကြေးအခက်ခဲတွေလည်း ရှိနေကြတယ်လို့ ပန်းဖဲချောင်းကျေးရွာက လယ်သမား ဦးမောင်ကျော်သန်းက ပြောပါတယ်။

“ပျက်စီးဆုံးရှုံးမှု ရှိတယ်။ လယ်ဧက ၃,၀၀၀ လောက် ပျက်စီးသွားတာ။ ပျက်စီးသွားတဲ့ လယ်တွေကို အခု ပြန်ပြီးတော့ ထွန်နေကြရတယ်။ အဲဒီလို ပြန်ပြီးစိုက်ပျိုးဖို့အတွက်က ငွေကြေးပိုင်းက မလုံလောက်မှုတွေတော့ ရှိနေကြတယ်။ နောက် မျိုးစပါးတွေ မရနိုင်တော့ဘူး။ ကိုယ့်မှာရှိတဲ့ စားစပါးတွေကိုပဲ ကြဲနေကြရတယ်။ လယ်သမားတွေအတွက်တော့ နှစ်ဝက် တဝက်လောက် ဆုံးရှုံးနစ်နာမှုတွေ ရှိကြတယ်။”

ရေကြီးမှုကြောင့် ဦးမောင်ကျော်သန်းပိုင်တဲ့ လယ် ၅ ဧကကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး ပန်းဖဲချောင်းကျေးရွာက လယ်သမားတိုင်းဟာ အနည်းဆုံး ၃ ဧက ကနေ ဧက ၃၀ နီးပါးအထိ တယောက်ချင်းစီမှာ ပျက်စီးမှုတွေ ရှိနိုင်တယ်လို့ ဒေသခံက ပြောပါတယ်။

ရခိုင်ပြည်က လယ်သမားတွေဟာ စပါးဈေးကောင်း မရှိတာကြောင့် နှစ်စဉ်နှစ်တိုင်း အရှုံးတွေ့ လာရပြီးနောက် လယ်တွေကို လျှော့ချပြီး ထွန်ယက်စိုက်ပျိုးနေကြတယ်လို့ ပန်းဖဲချောင်းကျေးရွာက လယ်သမား ကိုမောင်ပိုင်က ပြောပါတယ်။

“ကျနော်တို့ ဆုံးရှုံးမှုကို ပြောရမယ်ဆိုရင် ကျနော်တို့ လယ်သမားတွေမှာ မိုးရာသီ တရာသီ ထွန်လိုက်တာပေါ့။ သဘောမှာ ကျနော့်မှာ သိန်း ၁၀၀ ဖိုးရင်းပြီး ထွန်ယက် စိုက်ပျိုးလိုက်တယ်ဆိုရင် နောက်နှစ် ထွက်လာမဲ့ ဆန်စပါးက ဈေးမရတော့ အရှုံးတွေရှိကြတယ်။ အဲဒါကြောင့်လည်း လယ်တွေကို လျှော့ချပြီး ထွန်ယက်စိုက်ပျိုးကြတာရှိတယ်။ ကိုယ်စားဖို့ဆီလောက်ပဲ စိုက်ပျိုးကြ တော့တယ်။ အဲဒီမှာ တခါပျက်စီးတော့ အရှုံးတွေနဲ့ပဲ အဆင်ပြေသလို လုပ်ကြရတော့တာပဲ။”

ရခိုင်မှာ စစ်ရေးပဋိပက္ခတွေ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ်ကတည်းက ရခိုင်က ဆန်စပါးတွေကို ပြည်မနဲ့ ပြည်ပနိုင်ငံတွေကို တင်ပို့နိုင်ခြင်း မရှိတာကြောင့် ဈေးကောင်းမရရှိကြဘဲ တောင်သူတွေ အရှုံးတွေနဲ့ နှစ်တိုင်း ရင်ဆိုင်နေကြရတာလည်း ဖြစ်ပါတယ်။

အဲဒီနောက် သွင်းအားစရိတ်တွေ မြင့်တက်နေသလို သဘာဝဘေးတွေကြောင့်လည်း ပျက်စီးဆုံးရှုံးမှုတွေ ရှိနေတဲ့အတွက် လယ်ထွန်ယက်စိုက်မျိုးမှုဟာ အရင်နှစ်တွေကထက် လျော့ကျသွားကြတယ်လို့ တောင်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013