DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ်တွင် ပိတ်မိနေသည့် ပြည်သူများ စားသောက်ရေး အခက်ကြုံ
DVB
·
May 8, 2025
ကော့ကရိတ်တွင် ပိတ်မိနေသည့် ပြည်သူများ စားသောက်ရေး အခက်ကြုံ
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းက ထောင်နဲ့ချီတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်ဘက်က ထွက်ခွာခွင့်မပေးတာကြောင့် နေထိုင်စားသောက်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့  မြို့ခံပြည်သူတွေက ပြောပါတယ်။ 

ကော့ကရိတ်မြို့အနီးမှာ စစ်ကောင်စီတပ်နဲ့  ကရင်အမျိုးသားအစည်းအရုံး (KNU)  ဦးဆောင်တဲ့ ပူးပေါင်းတပ်တို့ လတ်တလောမှာ တိုက်ပွဲတွေငြိမ်သက်နေပေမဲ့ ကော့ကရိတ်မြို့နယ်နဲ့ ကျုံဒိုးမြို့တို့က ကျေးရွာတွေကို စစ်ကောင်စီက မြေပြင်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

“နေရေးထိုင်ရေးမှာ စားသောက်ရေးက ဝယ်ရခြမ်းရတာခက်တာပေါ့။ ဈေးကြီးတာပေါ့။ စိတ်ညစ်ရတယ်။ အဓိက ကတော့ ဆန်တို့၊ ဆီတို့ ပဲပေါ့။ စားဆီတို့၊ ဓာတ်ဆီတို့ အဲဒါတွေက အခက်အခဲတော်တော်ဖြစ်နေတာ။ ဆန်ကတော့ လုံးဝဝယ်လို့မရတာ။ ကားတွေ ဝင်လို့မရဘူး။ ထွက်လို့လည်း မရဘူး။  အခက်အခဲဖြစ်တယ်လေ။ ကိုယ်တွေ ထွက်လို့ရရင် ထွက်မလိုဟာ ထွက်ဖို့က လွယ်တဲ့ကိစ္စမှ မဟုတ်တာ။”

ကော့ကရိတ်မြို့နယ်က စစ်ဘေးရှောင်ပြည်သူ ၃၀၀၀၀ ကျော်ဟာ KNU တပ်မဟာ ၆ နယ်မြေအတွင်းက သမိန်ဒွတ်၊ ဝင်းက၊ ကျုံကွယ်၊ ဖာသိမ်၊ ထီးဖိုးစံ၊ နောင်တလာ စတဲ့ကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒါ့အပြင် ဟောင်သရောမြစ်ကမ်းတလျှောက်က သရက်တော၊ ခရစ် (ကျောက်တန်း)၊ ကမ်းနီ(စံပြ)ကျေးရွာက စစ်ရှောင်ပြည်သူ ၁၀၀၀၀ ကျော်ဟာ ကော့ဘိန်း၊ မင်းရွာ၊ ကော့ကျူကုန်း၊ ခရား၊ သံလှယ်၊ မော်လမြိုင်၊ ဘားအံ စတဲ့ နီးစပ်နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ဘေးရှောင်တွေဟာ နေထိုင်စားသောက်ရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကြောင့်  လိုအပ်နေတဲ့ နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာတွေကို လှူဒါန်းပေးဖို့ စစ်ရှောင် အရေးကူညီပေးနေသူတွေက တိုက်တွန်းထားပါတယ်။

စစ်ရှောင်အရေးကူညီပေးနေသူတယောက်က “စစ်ဘေးရှောင်တွေအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာတွေ အဲဒါတွေလိုတာ။  အခုက နေထိုင်စားသောက်ရေး ခက်ခဲတယ်။ ရာသီဥတု ပြောင်းလဲတော့မယ်။ မိုးရာသီလည်းရောက်တော့မယ် အဲတော့ နေရာဒေသအနှံ့မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ပြည်သူလူထုတွေအတွက် လိုအပ်တဲ့ နေရာထိုင်ခင်းတွေ  ဆေးဝါးတွေ စားနပ်ရိက္ခာတွေကို ဒီထက်မက ပိုပြီးတော့လှူပေးဖို့ အလှူရှင်တွေ လှူပေးနေတဲ့အဖွဲ့တွေ အမြန်ဆုံးဆက်သွယ်ချိတ်ဆက်ပြီး ပါဝင်ပေးကြဖို့၊ ကူညီပေးကြဖို့ တိုက်တွန်းနှိုးဆော်ချင်တယ်” လို့ ပြောပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ ကရင်ပြည်နယ်အစိုးရအဖွဲ့က ဂျိုင်းမြစ်အတွင်း အများပြည်သူ သွားလာနေတဲ့ ကူးတို့ဆိပ်တွေကို ကူးသန်းသွားလာခွင့် ပိတ်ပင်ထားတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင်  လက်ရှိမှာ တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်ဘက်က ကော့ကရိတ်မြို့အပါအဝင် ဘားအံ- ဂျိုင်းတံတား ကားလမ်းတလျှောက်နဲ့ ကျုံဒိုးမြို့အခြေစိုက် ခမရ ၅၄၅၊ ခမရ ၅၄၆ တပ်ရင်းတွေကနေ ခံစစ်အနေအထားနဲ့ လူ၊ လက်နက် အင်အားဖြည့်တင်းပြီး ခံစစ်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ 

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013