DVB Logo
Home
မြန်မာသတင်း
ဗန်းမော် တိုက်ပွဲဆက်လက်ပြင်းထန်၊ စစ်တပ်က လေကြောင်းတိုက်ခိုက်၊ စစ်အင်အားဖြည့်တင်း
DVB
·
May 7, 2025
ဗန်းမော် တိုက်ပွဲဆက်လက်ပြင်းထန်၊ စစ်တပ်က လေကြောင်းတိုက်ခိုက်၊ စစ်အင်အားဖြည့်တင်း
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာအပြင် စစ်အင်အားဖြည့်တင်းနေတယ်လို့ သိရပါတယ်။ 

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေက ယာယီထိုးစစ်ရပ်နားပြီးနောက် ဧပြီ ၂၅ ရက်ကစတင်ပြီး ဗန်းမော်မြို့တွင်း ကျန်ရှိနေတဲ့ စကခ ၂၁၊ ခလရ ၄၇နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ နေရာအများအပြားကို တပြိုင်နက် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

KIA ပူးပေါင်းတပ်တွေက ဗန်းမော်မြို့ကို ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပြီး မေ ၇ ရက်အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းနဲ့ပဲ စစ်အင်အားဖြည့်တင်းတာနဲ့ ရိက္ခာချပေးတာတွေ ပြုလုပ်နေတယ်လို့ KIA သတင်းရင်းမြစ်က ပြောပါတယ်။

ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့တွင်းက လက်လွှတ်လိုက်ရတဲ့ ရပ်ကွက်တွေကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီတပ်ကနေ အားစိုက်တိုက်ခိုက်နေတဲ့အပြင် မေလ ၄ ရက်နေ့မှာလည်း ဗန်းမော်မြို့ဘက်ကို ရဟတ်ယာဉ်နဲ့ စစ်အင်အားဖြည့်တာတွေ ရှိတယ်လို့ ဆိုပါတယ်။

KIA သတင်းရင်းမြစ်က “စကစဘက်ကလည်း အင်အားဖြည့်တင်းတာ ပုံမှန်လုပ်နေတယ်။ Y8 လေယာဉ်တွေနဲ့ လက်နက်ခဲယမ်းတွေ ပုံမှန်လာချတာတွေကတော့ ရှိနေတယ်။ လွန်ခဲ့တဲ့ရက်တွေကပဲ စကစဘက်က သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်နဲ့ လူအင်အားလာချတာတွေရှိတယ်။ ခန့်မှန်းကတော့ ၆၀ ဝန်းကျင်လောက် ရဟတ်ယာဉ်နဲ့ လာချသွားတာ ရှိတယ်။ ဒါကတော့ စကခ ၂၁မှာ ရဟတ်ယာဉ်ဆင်းတာဆိုရင် ဒီဗန်းမော်တိုက်ပွဲ စတဲ့အချိန်မှာ ဒုတိယအကြိမ်ဆင်းတာလို့ ပြောရမှာပေါ့။ အင်အား ၆၀ လောက် လာချသွားတယ်လို့ ခန့်မှန်းရတယ်။ ပြီးတော့ စကခ ၂၁ က မြေပြင်ကနေ ဘယ်လိုမှ ထောက်ပို့လမ်းကြောင်း မလုပ်နိုင်တဲ့ အခြေအနေမှာ လေကြောင်းကနေပဲ အင်အားဖြည့်တင်းတာ၊ လက်နက်ခဲယမ်းဖြည့်တင်းတာ ပြုလုပ်နေတာတွေ ရှိတယ်” လို့ ပြောပါတယ်။

အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမှတ် ၄၇ ခြေလျင်တပ်ရင်း၊ ဆေးတပ်ရင်း၊ ထောက်ပို့တပ်နဲ့ အင်ဂျင်နီယာတပ်ရင်းတွေ တပ်စွဲထားတဲ့‌နေရာတွေ အားလုံးမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ KIA သတင်းနဲ့ပြန်ကြားရေးဌာနကလည်း ဖော်ပြထားပါတယ်။

KIA ပူးပေါင်းတပ်ဟာ ဧပြီ ၂၅ ရက်မှာ ဗန်းမော်မြို့က ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အပြင်းအထန် ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

KIA သတင်းရင်းမြစ်က “ဗန်းမော်ကတော့ မေလဆန်းပိုင်းကတည်းကနေ မြေပြင်ထိုးစစ် ကြီးကြီးမားမာမရှိပေမဲ့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်တာတွေ ရှိနေတယ်။ KIA ဘက်ကလည်း မြေပြင်မှာပြန်ပြီး ရှင်းလင်းနေတာတွေ ရှိတယ်။ နှစ်ဖက်အပြန်အလှန် လက်နက်ကြီး ပစ်ခတ်တာတွေကတော့‌ နေ့တိုင်းပဲ ရှိနေတုန်းပဲ။ စကစဘက်ကလည်း လေယာဉ်နဲ့ ဗုံးကြဲတာတွေ၊ ဂျက်လေယာဉ်နဲ့ ဗုံးကြဲတာ၊ Y12 တွေနဲ့ ဗုံးကြဲတာတွေ နောက်ပြီးတော့ Y8 သယ်ယူပို့ဆောင်ရေး လေယာဉ်တွေနဲ့ ပစ္စည်းချတာတွေကတော့ ပုံမှန်ပဲ ရှိနေတယ်။ ၂၅ ရက်နေ့ ထိုးစစ်စတဲ့ နောက်ပိုင်းမှာ မြို့ပေါ်မှာ တပ်စွဲထားတဲ့ စကစတပ်စခန်းတချို့ကို သိမ်းပိုက်ရရှိတယ်လို့ သိရတယ်။ ပြည်သူ့ဆေးရုံတွေ၊ ဘောလုံးကွင်းတိုက်တန်း အဲ့ဘက်မှာရှိတဲ့ စကစ တပ်စခန်းဆိုတာထက် တပ်စွဲထားတဲ့နေရာတွေကို ပြန်ပြီး သိမ်းဆည်းရမိတာတွေ ရှိတယ်” လို့ ပြောပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်ကတည်းကနေ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး အချိန် ၅ လကျော်ကြာလာတဲ့ လက်ရှိအချိန်ထိ ဗန်းမော်မြို့တွင်း တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။

ဗန်းမော်မြို့က အင်အားအကြီးဆုံးတပ်ဖြစ်တဲ့ စကခ ၂၁ အနီးဝန်းကျင်ရှိ အမှတ် ၇၀၀၆ သံချပ်ကာတပ်ရင်း၊ တင့်ကားတပ်ရင်း၊ အမြောက်တပ် ၃၆၆ နဲ့ လေဆိပ်တို့ကို KIA နဲ့ ပူးပေါင်းတပ်က ဇန်နဝါရီကနေ ဖေဖော်ဝါရီ ၂ ရက်အတွင်း တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။ 

ဗန်းမော်မြို့ နေရာအများစုကို ပူးပေါင်းတပ်တွေဘက်က သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားကလုံးဝပျက်စီးသွားပြီဖြစ်ပေမဲ့  အရေးကြီးတဲ့ စကခ (၂၁) နဲ့ တပ်စခန်း ၅ ခုလောက်  သိမ်းပိုက်ဖို့ ကျန်နေသေးတယ်လို့ KIOသတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဗန်းမော်မြို့ဟာ ခရိုင်မြို့ကြီးဖြစ်သလို စကခ (၂၁) ရုံးစိုက်ရာမြို့လည်းဖြစ်တာကြောင့် KIA သိမ်းပိုက်ထားတဲ့ တခြားမြို့တွေထက် စစ်ကောင်စီရဲ့ ခံစစ်အင်အားက ပိုကောင်းသလို တပ်ရင်းစခန်းတွေ၊ ကာကင်းတွေကလည်း အများအပြားရှိနေတာပါ။

ဒီအချက်ကလည်း တိုက်ပွဲရှည်ကြာရတာတွေထဲက အကြောင်းအရင်းတခုလို့  ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ ဒါ့အပြင် ဗန်းမော်မြို့ စစ်မျက်နှာက မိုင် ၂၀ ပတ်လည်လောက် ကျယ်ဝန်းတာကြောင့် တခြားမြို့တွေထက် စစ်မျက်နှာကျယ်တယ်လို့လည်း ဆိုပါတယ်။

ဗန်းမော်မြို့မှာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စခက (၂၁)၊ ခလရ (၄၇)၊ ခလရ(၂၃၆)၊ ခလရ(၂၃၇)၊ အမတ (၃၆၆)၊ သံချပ်ကာတပ်ရင်း (၇၀၀၆)၊ တင့်ကားတပ်ရင်း (၅၀၀၄)၊ အမှတ် (၅) ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် (၁၁) စစ်မြေပြင်ဆေးတပ်ရင်း၊ အမှတ် (၉၄၄) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ အမှတ် (၉၁၄) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း၊ အမှတ် (၉၃၃) ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်ခွဲ၊ စစ်လက်နက်ပစ္စည်းတပ်စု စခန (၆၄၁)၊ အလုပ်ရုံတပ်စု စတာတွေနဲ့ ကာကင်းစခန်းတွေ အများအပြားရှိနေတာဖြစ်ပါတယ်။

နောက်တချက်ကတော့ လေကြောင်းနဲ့ ဒရုန်းတွေကို စစ်ကောင်စီက ပေါပေါလောလောသုံးနေတာက ဗန်းမော်ကို သိမ်းပိုက်ဖို့ ခက်ခဲရတဲ့အ ကြောင်းအရင်းတွေထဲက တခုလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်၊

နောက်ထပ် အရေးကြီးတာကတော့ စစ်ကောင်စီရဲ့ ထောက်ပို့လမ်းကြောင်းကို မဖြတ်နိုင်တာ ဖြစ်ပါတယ်။

လက်ရှိ ကျန်ရှိနေတဲ့ စကခ (၂၁)အပါအဝင် စစ်ကောင်စီရဲ့ စခန်းတွေမှာတော့ ပူးပေါင်းတပ် တွေဘက်က ကိုက် ၁၀၀ ဝန်းကျင်လောက်ပဲဝေးတဲ့အနေအထားနဲ့ အနီးကပ် တိုက်ပွဲဆင်နွှဲနေတာလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဗန်းမော်မြို့ကို သိမ်းနိုင်ဖို့အခြေအနေ ဘယ်လိုရှိတယ်ဆိုတာကို အတိအကျ ပြောလို့မရပေမဲ့ အကောင်းဆုံးတိုက်ခိုက်သွားမယ်လို့လည်း ဆိုပါတယ်။

လက်ရှိအခြေအနေအရ စစ်ကောင်စီရဲ့ မြေပြင်ထောက်ပို့လမ်းကြောင်းနဲ့ ရေကြောင်းထောက်ပို့ လမ်းကြောင်းကိုဖြတ်ထားနိုင်ပေမဲ့ လေကြောင်းထောက်ပို့ကတော့ တောက်လျှောက်ရှိနေပြီး ဒီရက်ပိုင်းအတွင်းမှာတင် ရဟတ်ယာဉ်တွေနဲ့ စစ်ကူအင်အားတွေဖြည့်တင်းတာရှိတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

KIAနဲ့ ပူးပေါင်းတပ်တွေဘက်က ဗန်းမော်မြို့ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကိုတော့ ထိန်းချုပ်ထားနိုင်တဲ့အခြေအနေရှိပြီး ဗန်းမော်စစ်မျက်နှာကနေ စစ်ကောင်စီတပ်က အရာရှိတွေနဲ့ ရဲမေတွေလည်း ပြန်ပြီးဆုတ်ခွာနေကြတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။ 

KIA နဲ့ ပူးပေါင်းတပ်တွေအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်းမြို့ ၊ ကချင်ပြည်နယ်က ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မံစီ၊ ကန်ပိုက်တည်၊ မိုးမောက်မြို့နဲ့ လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားနိုင်တာဖြစ်ပြီး စုစုပေါင်း ၁၄ မြို့အထိရှိပါပြီ။

နောက်ဆုံးထိုးစစ်ဆင်နေတဲ့ ဗန်းမော်တိုက်ပွဲကတော့ KIAရဲ့ မြို့သိမ်းတိုက်ပွဲတွေအတွင်း အချိန် အကြာမြင့်ဆုံး ဖြစ်ပြီး လက်ရှိအချိန်ထိလည်း တိုက်နေရဆဲဖြစ်ပါတယ်။ 

ဟန်န/ ထက်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013