
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က မြိုင်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က မေ ၅ ရက်၊ နေ့လယ်ပိုင်းက စတင်ပြီး မြေပြင်ကနေ စစ်ကြောင်းထိုးနေတဲ့အပြင် လေကြောင်းကနေလည်း စက်တပ်လေထီးတွေ အသုံးပြုပြီး အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်နေလို့ လူနေအိမ်နဲ့ အဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြိုင်မြို့နယ်အခြေစိုက် Local PDF တပ်ဖွဲ့ဝင်တယောက်က “မြိုင်နဲ့ပခုက္ကူထဲက ရွာတွေကို စစ်ကြောင်းထိုးနေတယ်။ တပ်မ ၁၀၁ က အင်အား ၁၅၀ လောက်ရှိမယ်။ နောက်ပြီးတော့ အဲဒီ တပ်မ ၁၀၁ ထဲကနေ တက်လာတဲ့ စက်တပ်လေထီး ၂ စီး၊ ဂျက်ဖိုက်တာတွေနဲ့ ဗုံးတွေ ပတ်ကြဲနေတာပါ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မေလ ၅ ရက်နေ့ ညနေ ၃ နာရီနဲ့ ည ၈ နာရီဝန်းကျင်တွေမှာ မြိုင်မြို့နယ်တောင်ပိုင်းက အိုရင်းကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာနဲ့ ပခုက္ကူနဲ့ မြိုင်မြို့နယ်အစပ်က ဇောင်ဂျမ်းကုန်းကျေးရွာတွေကို ဂျက်ဖိုက်တာအပြင် စက်တပ်လေထီးတွေနဲ့ပါ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတာလို့ ဆိုပါတယ်။
8+အညာမြေအင်အားစုရဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုရှိုင်း က “လေကြောင်း တိုက်ခိုက်ခံရတာက မြိုင်တောင်ပိုင်းနဲ့ အရှေ့တောင်ပိုင်းက ရွာတွေဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်တာတွေက ဆက်တိုက်လုပ်နေတော့ ကျေးရွာတွေက ပြည်သူတွေ ပုန်းနေကြတာတွေ ပြေးနေကြတာတွေရှိနေတယ်။ အခုချိန်အထိတော့ ပြည်သူသေဆုံးတာနဲ့ ကြီးကြီးမားမား ဒဏ်ရာရတာမကြားမိသေးဘူး။ လူနေအိမ်တွေနဲ့ တခြားအဆောက်အအုံတွေ တော့ ပျက်စီးတာတွေရှိတယ်” လို့ ပြောပါတယ်။
မြိုင်မြို့နယ်အရှေ့တောင်ပိုင်းက ကျေးရွာတွေဖြစ်ကြတဲ့ ပေါက်ပင်ကိုင်း၊ သစ်ကြီးတော၊ လေးတန်းကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေအပြင် မြေပြင်ကနေလည်းစစ်ကြောင်းထိုးဝင်ရောက်နေတဲ့အတွက် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း သူကဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အခု ၂၀၂၅ ခုနှစ်ထဲမှာ မကွေးတိုင်းအတွင်းက တော်လှန်ရေးအားကောင်းတဲ့ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်၊ စလင်းနဲ့ မင်းလှမြို့နယ်တွေကို အင်အားအလုံးအရင်နဲ့ စစ်ကြောင်းထိုးတာအပြင် လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတဲ့အတွက် ပြည်သူတွေ သေဆုံးဒဏ်ရာရနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။