မြန်မာ-တရုတ် နယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ မန်စပ်ကျေးရွာမှာ မြန်မာ့ရွှေသီးနှံကုမ္ပဏီက ဆီလီကွန်ကျောက်တူးဖော်ထုတ်လုပ်နေတာကို ရပ်တန့်ပေးဖို့ မေ ၅ ရက်မှာ ဒေသခံပြည်သူတွေက ဆန္ဒထုတ်ဖော်ရာမှာ TNLA တအာင်းတပ်ဖွဲ့ဝင်တချို့က လာရောက်တားမြစ်ခဲ့တယ်လို့ ကနဦးသတင်းရရှိပါတယ်။
မြန်မာ့ရွှေသီးနှံကုမ္ပဏီဟာ ဆီလီကွန်ကျောက်တွေကို အဆမတန်တူးဖော်၊ ထုတ်လုပ်၊ ရောင်းချနေပေးမဲ့ ဒေသခံတွေရဲ့ ဖွံ့ဖြိုးရေးကို လျစ်လျူရှုနေတာကြောင့် ဌာနေတိုင်းရင်းသား ပြည်သူလူထုတွေက ကန့်ကွက်နေကြတာပါ။
မြန်မာ့ရွှေသီးနှံကုမ္ပဏီက နမ့်ခမ်းမြို့နယ်၊ မန်စပ်ရွာက တူးဖော်ရရှိတဲ့ ဆီလီကွန်ကျောက်တွေကို နယ်မြေချင်း ထိစပ်နေတဲ့ တရုတ်နိုင်ငံဘက်ကို တင်ပို့ရောင်းချတာ ဖြစ်ပါတယ်။
လက်ရှိ နမ့်ခမ်းမြို့နယ်ကို TNLA တအာင်းတပ်ဖွဲ့က ထိန်းချုပ်ထားပါတယ်။ ဆီလီကွန်ကျောက် တူးဖော်နေတာနဲ့ပတ်သက်ပြီး ကန့်ကွက်နေကြတဲ့ ဒေသခံတွေကို လာရောက်တားမြစ်တာနဲ့ ပတ်သက်လို့ TNLA တပ်ဖွဲ့ကို ဆက်သွယ်၊ မေးမြန်း၊ အတည်ပြုဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ သိကျိတ်ဒေသ၊ မြင်းမထိတောင်မှာ ကယန်းပြည်သစ်ပါတီဥက္ကဋ္ဌ ပိုင်ဆိုင်တဲ့ လေးပွင့်ကြယ်ကုမ္ပဏီနဲ့ မစ္စတာဝမ် တရုတ်ကုမ္ပဏီတို့က အကြီးစားသတ္တုတူးဖော်နေတာနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူလူထုတွေက ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်နေတာကို ကယန်းပြည်ပါတီရဲ့တပ်ဖွဲ့ဝင်တွေက ဧပြီ ၂၄ ရက်မှာ လက်နက်ကိုင်ပြီး လာရောက်ခြိမ်းခြောက်ခဲ့ပါတယ်။