ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ မေ ၆ ရက်က စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်းတို့နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာ ၂ ရွာက နေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ကျောက်ဖြူမြို့နယ် အချွန်းရွာကို လက်နက်ကြီး ပစ်ခတ်မှုကြောင့် မီးလောင်ခဲ့သလိုနဲ့ သပြုတောင်ကျေးရွာကို ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် အဲဒီကျေးရွာ ၂ ရွာလုံးမှာ မီးလောင်ခဲ့တာဖြစ်ပြီး ပျက်စီးမှုအရေအတွက် အတိအကျကို မသိရသေးဘူးလို့ ကျောက်ဖြူဒေသခံ တယောက်က ပြောပါတယ်။
“အချွန်းရွာနဲ့ သပြုတောင် ကျေးရွာ ၂ ရွာလုံး မေ ၆ ရက် ညနေပိုင်းမှာ စစ်ကောင်စီ လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်မှုတွေကြောင့် မီးလောင်ခဲ့တယ်။ ပျက်စီးမှု အရေအတွက်တော့ မသိရသေးဘူး။ အချွန်းရွာက သစ်ပုတ်တောင် ရေတပ်က လက်နက်ကြီးနဲ့ လှမ်းပစ်တာကြောင့် မီးလောင်မှုဖြစ်ပွားခဲ့သလို သပြုတောင်ရွာကတော့ ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ မီးလောင်ပျက်စီးခဲ့တာ ဖြစ်တယ်။ ၂ ရွာလုံးကတော့ ထိခိုက်ပျက်စီးမှု များနိုင်တယ်” လို့ ပြောပါတယ်။
အခု မီးလောင်မှုဖြစ်ပွားတဲ့ ကျေးရွာ ၂ ရွာမှာ လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ ဓညဝတီ ရေတပ်ဌာနချုပ်ကျေးရွာတွေ ဖြစ်ပြီး စစ်ကောင်စီက မကြခဏ လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
အဲဒီကျေးရွာ ၂ ရွာက ထောင်နဲချီတဲ့ ဒေသခံတွေဟာ စစ်ပွဲတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ကျောက်ဖြူမြို့နယ် မလကျွန်း၊ မင်းတပ်တောင်နဲ့ စည်မော်ကျေးရွာတို့အနီးမှာ မေ ၆ ရက်အထိ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေကြတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။
“ကျောက်ဖြူမှာက မြေပြင်တိုက်ပွဲတွေက ရှိတယ်ဗျာ။ အဓိကတော့ စစ်ကောင်စီက စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ကြတာ။ AA ကတော့ ထိုးစစ်ဆင်တာမျိုး မရှိဘူး။ စစ်ကောင်စီကတော့ မြေပြင်ထိုးစစ်အပြင်၊ လေကြောင်း၊ ရေကြောင်းကပါ ပစ်ကူပေးတိုက်ခိုက်တာ” လို့ မြေပြင်နဲ့နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မေ ၅ ရက်ကလည်း ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာနဲ့ မင်းတက်ချိန်းကျေးရွာတို့ကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၂ ယောက် သေဆုံးပြီး အမျိုးသား ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျောက်ဖြူမြို့နယ်မှာ ဖေဖော်ဝါရီ ၂၀ ရက်ကတည်းက စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေကြပြီး စစ်ကောင်စီရဲ့ ဓညဝတီ ရေတပ်ဌာနချုပ်နဲ့ အမှတ် (၃၂) ရဲတပ်ရင်းအနီးတို့မှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
စစ်ကောင်စီဘက်ကလည်း လေကြောင်း၊ ရေကြောင်းနဲ့ စစ်ကြောင်းထိုး တိုက်ခိုက်မှုတွေကြောင်း ဒေသခံ ၄၀,၀၀၀ ထက်မနည်းဟာ စစ်ဘေးတိမ်းရှောင်နေကြရပြီး အရေးပေါ် စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက်တွေ ရှိနေကြပါတယ်။