DVB Logo
Home
မြန်မာသတင်း
MNDAA နှင့် SSPP တို့ ညှိနှိုင်းဆွေးနွေးမှု ပြေလည်မှုမရ
DVB
·
May 7, 2025
MNDAA နှင့် SSPP တို့ ညှိနှိုင်းဆွေးနွေးမှု ပြေလည်မှုမရ
1 / 2
Donate to DVB

ကိုးကန့်တပ် (MNDAA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)တို့ အကြား စစ်ရေးတင်မားမှုကို နှစ်ဖက် ဗဟိုအဆင့်ခေါင်းဆောင်တွေ ပြီးခဲ့တဲ့ရက်ပိုင်းက ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆိုင်းမြို့မှာ တွေ့ဆုံညှိနှိုင်းခဲ့ကြပေမဲ့ ကိုးကန့်ဘက်က နယ်မြေတောင်းလို့ ပြေလည်မှုမရသေးဘူးလို့ စစ်ရေးသတင်းအရင်းအမြစ်ဆီက သိရပါတယ်။

သီပေါမြို့နယ်၊ နမ့်မကျေးရွာအုပ်စုထဲမှာ နှစ်ဖက်တပ်တွေ နယ်မြေအငြင်းပွားကြပြီးနောက် ပန်ဆိုင်းမြို့မှာ ဧပြီ ၂၉ ရက်ကတည်းက ညှိနှိုင်းကြတာဖြစ်ပေမဲ့ ပြေလည်မှုမရလို့ MNDAA တပ်တွေလည်း နမ့်မကျေး ရွာအုပ်စုထဲကနေ ဆုတ်ခွာမပေးသေးဘူးလို့ သိရပါတယ်။

ရှမ်းမြောက် စစ်ရေးသတင်းအရင်းအမြစ်တယောက်က “MNDAA က နမ့်မ၊ ဆင်ကျော့(စိန်ကျော့)၊ ဟန်နားပေါ့။ SSPP ရဲ့ ဖွဲ့စည်းပုံနဲ့ပြောရင် မြို့နယ် ၁၀ ပေါ့။ အဲဒီမြို့နယ် ၁၀ ကနေ အားလုံးပြန်ဆုတ်ပေးမယ်။ ဒါပေမဲ့ မြို့နယ် ၃၄ ပေါ့။ နမ့်ပေါင်ကနေ မူဆယ် တကြောအားလုံးကို SSPP တပ်တွေမနေနဲ့ပေါ့။ အဲဒါတောင်းဆိုလို့ ညှိမရသေးဘူးလို့ သိရတယ်” လို့ ပြောပါတယ်။

မြို့နယ် ၁၀ နဲ့ မြို့နယ် ၃၄ ဆိုတာဟာ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSPP)က သတ်မှတ်ထားတဲ့ မြို့နယ်တွေ ဖြစ်ပြီးတော့ အစိုးရက သတ်မှတ်သုံးနှုန်းထားတဲ့ မြို့နယ်တွေတော့ မဟုတ်ပါဘူး။ 

နမ့်မရွာအုပ်စုဟာ သီပေါမြို့နယ်ထဲပါဝင်ပြီး မြို့နယ် ၁၀ ထဲက ဖြစ်ပြီးတော့ နမ့်ပေါင်ရွာ အုပ်စုကတော့ လားရှိုးမြို့နယ်ထဲပါဝင်ကာ မြို့နယ် ၃၄ ထဲကရွာလို့ သတ်မှတ်ထားပါ။

နှစ်ဖက်တပ်တွေ ညှိနှိုင်းမှုဟာ တပတ်ကျော်ကြာပြီဖြစ်လို့ အဆင်ပြေလာနိုင်ဖို့ နည်းနေတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။ 

“နမ့်ပေါင် ဆိုတာ လားရှိုးမြို့ရဲ့ အစိတ်အပိုင်းထဲမှာ ရှိတယ်လေ။ အဲဒီကနေစပြီးတော့ မူဆယ်-နမ့်ခမ်းဘက်အထိ ရှမ်းအဖွဲ့တွေကို ပေးမနေဘူးဆိုကတည်းက ဒါ ညှိနှိုင်းနိုင်ဖို့က ခက်ခဲမယ်ပေါ့။ ဒီဟာကို ကြည့်ခြင်းအားဖြင့် မဟာမိတ်လည်း မဆန်တော့ဘူးပေါ့နော်။”

SSPP နဲ့ MNDAA ဘက်ကတော့ အဲဒီဆွေးနွေးမှု အခြေအနေကို တရားဝင် သတင်းထုတ်ပြန်ပေးတာ မရှိသေးပါဘူး။ နမ့်မရွာအုပ်စုထဲ ကိုးကန့်တပ်တွေ တပ်ပြန်မဆုတ်သေးလို့ SSPP တပ်တွေနဲ့ တိုက်ပွဲဖြစ်လာမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေပါတယ်။

နယ်မြေအငြင်းပွားနေတဲ့ ကျောက်မီးသွေးတွင်းတွေရှိရာ နမ့်မရွာအုပ်စုကို MNDAA ဘက်က ဧပြီ ၂၈ ရက်ကတည်းက ဝင်ရောက်လာပြီး မေ ၆ ရက်အထိ အင်အားဖြည့် တပ်စွဲထားတဲ့အပြင် SSPP တပ်တွေနဲ့လည်း အနီးကပ်ရှိနေတယ်လို့ ဆိုပါတယ်။

နမ့်မရွာအုပ်စုက ဒေသခံတယောက်က "ကိုးကန့်တပ်တွေ ပြန်မဆုတ်သေးဘူး။ ရှမ်းစစ်သားတွေ ရှိတဲ့နေရာ မှန်သမျှကို ကိုးကန့်စစ်သားတွေ အနီးကပ် စောင့်ထားတယ်။ ဟိုဘက်ကလည်း မတိုး ဒီဘက်ကလည်း မတိုးနဲ့ အနီးကပ်ဖြစ်နေကြတယ်။ ကိုးကန့်ဘက်က အင်အားတိုးထားတယ်” လို့ ပြောပါတယ်။ 

ဧပြီ ၂၈ ရက် ညနေပိုင်းက ကိုးကန့်တပ်တွေဟာ သီပေါမြို့နယ် နမ့်မကျေးရွာကို ဝင်ရောက်လာတာကနေ SSPP တပ်တွေနဲ့ စကားအချေအတင် ဖြစ်ကြပြီးနောက် ဧပြီ ၂၉ မနက်ပိုင်းမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီနောက် MNDAA ဘက်က SSPP တပ်တွေကို ဆင်ကျော့ (စိန်ကျော့)ကျော်တဲ့အထိ တပ်ဆုတ်ခွာသွားဖို့ ပြောဆိုခဲ့ပြီးနောက်မှာတော့ နမ့်မကျေးရွာကနေ SSPP ဌာနချုပ်ဟောင်းရှိရာ ဆင်ကျော့အထိကို MNDAA တပ်တွေ နေရာယူခဲ့တာ ဖြစ်ပါတယ်။

SSPP ဘက်က ဧပြီ ၃၀ ရက်‌ ထုတ်ပြန်ချက်မှာတော့ MNDAA တပ်တွေဟာ SSPP လှုပ်ရှားနယ်မြေထဲကို ဝင်ရောက်လာပြီး SSPP တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရိုက်နှက်တာ၊ တပ်နေရာ အတင်းပြောင်းရွှေ့ခိုင်းတာတွေကြောင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ခဲ့လို့ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒါအပြင် ဆင်ကျော့ဌာနချုပ်ဟောင်းကိုလည်း SSPP က ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ပြီး နှစ်ဖက်စစ်ရေးထိတွေ့မှု၊ တင်းမာမှုနဲ့ပတ်သက်ပြီး နှစ်ပါတီဗဟိုအဆင့် တွေ့ဆုံ ဖြေရှင်းသွားမယ်လို့လည်း ထုတ်ပြန်ခဲ့တာပါ။

ဧပြီ ၃၀ ရက် ညပိုင်းမှာဘဲ MNDAA တပ်တွေဟာ နမ့်မကျေးရွာအုပ်စုကို ကိုးကန့်အလံတွေ ထောင်ပြီး မေ ၁ ရက်မှာ အုပ်ချုပ်ရေးထူထောင်ဖို့ ကျေးရွာလူကြီးတွေကို ခေါ်ယူ အစည်းအဝေး လုပ်ဖို့ ပြင်ဆင်ခဲ့ကြပေမဲ့ အလံတွေကို ပြန်ဖြုတ်ချသွားတယ်လို့ သိရပါတယ်။

နယ်မြေအငြင်းပွားနေတဲ့ နမ့်မချောင်းဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တရုတ်ရဲ့ အာဆီယံ-တရုတ် လျှပ်စစ်ရထားလမ်းကို အသုံးပြုနိုင်ဖို့ ရေအားလျှပ်စစ်ထုတ်လုပ်မယ့် နေရာဖြစ်ပါတယ်။

အဲဒီရထားလမ်းအသုံးပြုမယ့် နမ့်နိမ်းမှာတော့ လမ်းဖောက်လုပ်နေတာဟာ စစ်တပ် အာဏာမသိမ်းခင်က အထိ ၃၀ ရာခိုင်နှုန်း ဖောက်လုပ်ပြီးစီးခဲ့လို့ ဒေသခံလူငယ်တွေက သွားရောက် ကန့်ကွက်ခဲ့ကြဖူးပါတယ်။

ဒါပေမဲ့လည်း ကုမ္ပဏီဘက်က SSPP နဲ့ ဆက်လုပ်ဖို့ရန် သဘောတူညီခဲ့ကြပြီး ဒေသခံတွေကို SSPP ဘက်က အစည်းဝေးခေါ်ပြီး ကန့်ကွက်တဲ့လူကို အရေးယူမယ်လို့ ပြောဆိုခဲ့ဖူးတယ်လို့ သိရပါတယ်။

အဲဒီစီမံကိန်းမစခင်မှာဘဲ စစ်တပ်ကအာဏာသိမ်းသွားလို့ အဲဒီကတည်းက စီမံကိန်းကို ရပ်နားထားတာဟာ ဒီနေ့အချိန်ထိ ဖြစ်ပါတယ်။

အဲဒီရထားလမ်းဟာ မူဆယ်ကနေ လားရိူးအထိကို နမ့်နိမ်းကို အသုံးပြုပြီးတော့ လားရှိုးကနေ မန္တလေးအထိကို နမ့်မကို အသုံးပြုမှာ ဖြစ်ပါတယ်။ နမ့်မကျေးရွာအုပ်စုမှာ SSPP တပ်တွေဟာ နှစ်ပေါင်း ၃၀ ကျော်ကြာ ဂိတ်တွေချပြီး တပ်စွဲနေခဲ့တာ ဖြစ်ပါတယ်။

နမ့်မကျေးရွာအုပ်စုမှာ ရှမ်းလူမျိုးတွေ နေထိုင်ကြပြီး အစိုးရ၊ ပုဂ္ဂလိက ကျောက်မီးသွေးတွင်းတွေ ရှိတယ်လို့ သိရပါတယ်။

နမ့်မရွာအုပ်စုဟာ လားရှိုးမြို့နယ် နမ့်ပေါင်ရွာအနီးမှာရှိပြီးတော့ တရုတ်ဖိအားကြောင့် လားရှိုးမြို့ကနေ MNDAA တပ်တွေဆုတ်ခွာရချိန် နမ့်ပေါင်မှာ တပ်စွဲနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013