DVB Logo
Home
မြန်မာသတင်း
မန္တလေးက ငလျင်ဒဏ်သင့် နေအိမ်များ ဖြိုချရန် အခက်ကြုံ  
DVB
·
May 6, 2025
မန္တလေးက ငလျင်ဒဏ်သင့် နေအိမ်များ ဖြိုချရန် အခက်ကြုံ  
Donate to DVB

ငလျင်ကြောင့် ထိခိုက်မှုများခဲ့တဲ့ မန္တလေးမြို့မှာ ငလျင်နောက်ဆက်တွဲအနေနဲ့ အထပ်မြင့်အဆောက်အအုံတွေ ပြိုကျတာတွေ ဖြစ်ပေါ်နေပြီး အိမ်ရှင်တွေအနေနဲ့လည်း နေအိမ်တွေကို ဖြိုချဖို့ အခက်အခဲတွေ ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မေ ၄ ရက်ကလည်း  အောင်မြေသာစံမြို့နယ် ၁၅ လမ်းနဲ့ ၈၂ လမ်းထောင့်က ၈  ထပ်တိုက်ရဲ့ အောက်ခြေ ၂ ထပ် မြေအောက်ထဲ ကျွံဝင်သွားခဲ့ပါတယ်။ အဲဒီတိုက်ဟာ ငလျင်လှုပ်ခတ်ပြီးကတည်းက ဘယ်ဘက်ကို ယိမ်းနေခဲ့တာ ဖြစ်ပါတယ်။

ငလျင်ကြောင့် လေးထပ်တိုက်ရဲ့ အောက်ခြေ ၂ ထပ် ပြိုကျခဲ့ပြီး အဲဒီတိုက်ကို ဖြိုချဖို့ အခက်အခဲတွေ ကြုံတွေ့နေရတဲ့ အကြောင်းကို အိမ်ရှင်တယောက်က ပြောပါတယ်။

ငလျင်ကြောင့် အိမ်ပြိုသွားတဲ့ မန္တလေးမြို့ခံတယောက်က “RC လေးထပ်ခွဲတိုက်ပေါ့၊ လက်ရှိ ပြန်ဆောက်မယ်ဆို ဘယ်လိုလုပ် ပြန်ဆောက်နိုင်မှာလဲ။ ပြိုကျတဲ့အိမ်ကလည်း ဘယ်လိုမှ ရှင်းလို့မရဘူး။ မရဘူးဆိုတာက အဓိကပြဿနာက ဘာတုံးဆိုတော့ ဘေးအိမ်တွေ တအိမ်ကျော် ၂ အိမ်ကျော်တွေက ဒီစက်ယန္တရားကြီးတွေနဲ့ လာဖြိုလို့ ဒီတုန်ခါမှုတွေကြောင့် ဖြစ်တဲ့ပြဿနာတွေကို ဘယ်လို ဖြေရှင်းပေးမှာတုံး၊ ဘယ်လို လျော်ပေးမှာတုံး ဆိုတဲ့ ပြဿနာတွေ ရှိလာတာပေါ့နော်။ အိမ်ပြိုထားတဲ့သူက ကိုယ့်အိမ်ဖြိုလို့ ပြဿနာ တစုံတရာတက်လို့ ဘေးအိမ်တခုခုဖြစ်ရင် ဘယ်လို လျော်စရာရှိမှာလဲ” လို့ ပြောပါတယ်။

တိုက်ပြိုကျမှုတွေဟာ မြေကြီးစမ်းသပ်မှုတွေ မလုပ်ဘဲ‌ ဖောင်ဒေးရှင်းချတဲ့ နည်းစနစ်မမှန်တာ အရင်က မွေးမြူရေးကန်တွေကို မြေဖို့ပြီး အဆောက်အအုံ ပြန်ဆောက်တာ မြစ်ချောင်းအင်းအိုင်တွေနဲ့ နီးတဲ့နေရာတွေမှာ ကြီးမားတဲ့ အဆောက်အအုံ ဆောက်မိတာတွေကြောင့် မြေသားပျော့ပြီး မြေကျွံကျမှုတွေ ပိုများရတာလို့ အင်ဂျင်နီယာတွေက ပြောပါတယ်။

ငလျင်ကြောင့် အဆောက်အအုံတွေ ထိခိုက်ပြီး စောင်းသွားတာ၊ ငိုက်သွားတာ၊ လန်သွားတာတွေ ဖြစ်တဲ့အခါ အဆင့် ၃ ဆင့်ခွဲခြားပြီး ပြင်ဆင်ဖို့နဲ့ ဖြိုချဖို့အတွက် အင်ဂျင်နီယာတွေက ဆုံးဖြတ်ရတယ်လို့ ဆိုပါတယ်။

မန္တလေးမြို့ခံ အင်ဂျင်နီယာတယောက်က “ထိခိုက်ထားတဲ့ အိမ်တွေကို ဒီတိုင်းမထားနဲ့ပေါ့နော်၊ သင့်တော်တဲ့ပညာရှင်တွေ ခေါ်ပြီးတော့မှ ပြပါ။ ပြပြီးရင် သူတို့က သင့်တော်တာတွေ လုပ်ပေးလိမ့်မယ်၊ သူတို့ ညွှန်ကြားချက်အတိုင်း ဒေါက်ထောက်တာတွေ လုပ်ရမယ်။ တချို့ဟာတွေဆို restore မြန်မြန်လုပ်ရမယ်။ တချို့ဟာတွေဆိုရင် ကျနော်တို့က လူနေထိုင်ဖို့ မသင့်ဘူး။ အဲဒါဆိုရင် မြန်မြန်ပြုပြင်ရမယ်။ အခု ပထမဆုံးအဆင့်က လူနေထိုင်ဖို့မသင့်ရင် လူမနေရဘူး။ လူနေထိုင်ဖို့ သင့်တော်နေတဲ့ အဆောက်အအုံမှာ လူနေရမယ်။ အဲဒါ ပထမဆုံးအဆင့်၊ အဲဒီမှာမှ ကြားထဲက အဝါရှိတယ်၊ အဝါဆိုတာက ပြုပြင်ပြီးမှ နေရမယ့်ဟာမျိုးပေါ့၊ အဲဒီလိုဟာမျိုးက ပိုပြီးတော့မှ အရေးကြီးတာပေါ့” လို့ ပြောပါတယ်။

စေတနာ့ဝန်ထမ်း အင်ဂျင်နီယာအသင်းတွေရဲ့ ကောက်ယူထားတဲ့ စာရင်းအရ မန္တလေးမြို့မှာ ငလျင်ဒဏ်သင့်ပြီး ဖြိုချရမယ့် လူနေအိမ်၊ ဌာနဆိုင်ရာရုံး၊ ဘာသာရေးအဆောက်အအုံ၊ လမ်းတံတား စုစုပေါင်း ၄,၀၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြီးကြောင့် မန္တလေးမြို့မှာ လူနေအိမ်ပေါင်း ၄,၂၀၀၊ အစိုးရရုံးဌာန အဆောက်အအုံရဲ့ ၄၅ ရာခိုင်နှုန်း၊ ဟိုတယ်အဆောက်အုံ အခု ၈၀၊ ဘဏ်အဆောက်အုံ ၆၀ နဲ့ စူပါမားကက် ၂ ခု ထိခိုက်ပျက်စီးခဲ့တယ်လို့ Myanmar Survey Research ရဲ့ ဧပြီ ၄ ရက်က ထုတ်ပြန်ထားတဲ့ သုတေသနစာတမ်းအရ သိရပါတယ်။

သီရိ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013