
ရန်ကုန်မှာ ငလျင်ခပ်စိပ်စိပ်လှုပ်လာတာကြောင့် ရန်ကုန်မြို့ခံတွေကြား ငလျင်အန္တရာယ်အပေါ် စိုးရိမ်မှုတွေ ပိုမိုမြင့်တက်လာနေတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အထူးသဖြင့် မြေပျော့ဇုန်တွေပေါ်မှာ တည်ရှိပြီး ကန်ထရိုက်တိုက်တွေ အများအပြားရှိတဲ့ တာမွေ၊ လှိုင်၊ မရမ်းကုန်း၊ ကမာရွတ်၊ စမ်းချောင်း၊ သာကေတ၊ ဒေါပုံနဲ့ မြောက်ဥက္ကလာပမြို့နယ်တွေက ပြည်သူတွေဟာ နေ့စဉ်လိုလို ငလျင်အန္တရာယ်ကို စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။
မရမ်းကုန်းမြို့နယ်မှာ နေထိုင်သူတယောက်က “ငလျင်တွေက ခပ်စိပ်စိပ် လှုပ်လာတော့ လန့်တယ်။ သတိထားနေရတယ်။ ခုနောက်ပိုင်းလှုပ်တဲ့ ငလျင်က သိသိသာသာ ခံစားရတယ်။ တိုက်ကို ယမ်းခါနေရော။ ပြီးတော့ ကန်ထရိုက်တိုက်တွေကလည်း အကုန်လုံးနီးပါးပဲ ဆောက်ထားကြတာ။ ညဘက် အိပ်တာတောင် မအိပ်ရဲဘူး” လို့ ပြောပါတယ်။
ဆောက်လုပ်ရေးနယ်ပယ်က သိရှိရတဲ့ အချက်တွေအရ ရန်ကုန်မြို့မှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကန်ထရိုက်စနစ်နဲ့ အထပ်မြင့်လူနေအဆောက်အအုံတွေ အများအပြား ဆောက်လုပ်ခဲ့ပြီး တချို့ အဆောက်အအုံတွေဟာ အင်ဂျင်နီယာ စံချိန်စံညွှန်းအတိုင်း မဆောက်လုပ်ဘဲ ကုန်ကျစရိတ် သက်သာရေးကိုသာ ဦးစားပေးခဲ့တာမျိုးတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
အင်ဂျင်နီယာပညာရှင် တယောက်ကလည်း ရန်ကုန်ဟာ စစ်ကိုင်းပြတ်ရွေ့နဲ့ နီးကပ်တဲ့ဒေသ ဖြစ်တာကြောင့် ငလျင်အန္တရာယ် အမြဲရှိနေပြီး အခုလို ငလျင်အသေးစားတွေ ဆက်တိုက် လှုပ်ခတ်နေတာက အဆောက်အအုံတွေရဲ့ ကြံ့ခိုင်မှုကို တဖြည်းဖြည်း ထိခိုက်စေနိုင်တယ်လို့ သတိပေးထားပါတယ်။
လက်ရှိအချိန်ထိ ငလျင်လှုပ်ခတ်မှုကြောင့် ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှု မရှိသေးပေမဲ့ အဆောက်အအုံဟောင်းတချို့နဲ့ ကန်ထရိုက်တိုက်တချို့မှာ နံရံအက်ကွဲတာ၊ ဘိလပ်မြေ ကွာကျတာတွေ ရှိတယ်လို့ သိရပါတယ်။










