
ဂရိနိုင်ငံအေသင်မြို့ရဲ့ ကမ္ဘာလှည့်ခရီးသွားတွေ စည်ကားရာ ဗဟိုချက်မှာရှိတဲ့ ပလာကာရပ်ကွက်ရှိ နေအိမ်အဆောက်အအုံတလုံး ပေါက်ကွဲပြိုကျခဲ့လို့ လူ ၃ ယောက် ဒဏ်ရာရရှိခဲ့ပြီး ပတ်ဝန်းကျင်က အိမ်တွေ၊ စီးပွားရေးဆိုင်တွေနဲ့ ကားတွေ ပျက်စီးသွားခဲ့ပါတယ်။
အက်ခရိုပေါ်လစ်နဲ့ ဇုစ်နတ်ဘုရားကျောင်းတော်တို့လို အေသင်ရဲ့ ရေပန်းအစားဆုံးနေရာတွေနဲ့ နီးကပ်တဲ့ ဒီနှစ်ထပ်အဆောက်အအုံ ပေါက်ကွဲရတဲ့ အကြောင်းအရင်းကိုတော့ ချက်ချင်း မသိရသေးပါဘူး။
ပေါက်ကွဲအား ပြင်းထန်လွန်းလို့ ကျောက်ခဲတွေနဲ့ ဖန်ကွဲစတွေဟာ လမ်း ၃ လမ်းစာလောက်အထိ လွင့်စင်ထွက်သွားခဲ့ပါတယ်။
အခင်းဖြစ်ပွားရာနေရာကို မီးသတ်တပ်ဖွဲ့ဝင်တွေ စစ်ဆေးတာ မပြီးသေးဘူးလို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကွန်စတန်တီနာ ဒီမိုဂလီးဒူက ပြည်သူ့ရုပ်သံ ERT ကို ပြောပါတယ်။
ရှေးဟောင်းအဆောက်အအုံတွေအထက်မှာ မီးခိုးတွေ အလိပ်လိုက် ထွက်ပေါ်လာချိန်မှာ မီးသတ်ကားတွေနဲ့ လူနာတင်ယာဉ်တွေ အခင်းဖြစ်နေရာကို အမြန်ဆုံး ရောက်ရှိလာခဲ့ပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ အဆောက်အအုံကတော့ တွန့်လိမ်နေတဲ့ သံထည်တွေ၊ ကျိုးပဲ့နေတဲ့ ဝရန်တာတွေနဲ့ တွဲလောင်းကျနေတဲ့ ကွန်ကရစ်ချပ်တွေနဲ့ အပျက်အစီးပုံကြီး ဖြစ်သွားခဲ့ပါတယ်။
အာဏာပိုင်တွေရဲ့ အဆိုအရ လမ်းသွားလမ်းလာတယောက် ဒဏ်ရာရရှိခဲ့ပြီး ဘေးအဆောက်အအုံမှာ ပိတ်မိနေတဲ့ အမျိုးသမီး ၂ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ကာ ဆေးရုံမှာ ဆေးကုသမှု ပေးနေပါတယ်။
ဒီဧရိယာဟာ ဟိုတယ်တွေ၊ အချိန်တို ငှားရမ်းတဲ့ အခန်းတွေ အများကြီးရှိတဲ့နေရာဖြစ်ပြီး ကဖေးဆိုင်တွေ၊ အမှတ်တရပစ္စည်းဆိုင်တွေ တန်းစီနေတဲ့ လမ်းကျဉ်းလေးတွေထဲမှာ ခရီးသွားဧည့်သည်တွေ အမြဲစည်ကားနေလေ့ရှိပါတယ်။
အဆောက်အအုံရဲ့ အစိတ်အပိုင်းအချို့ကို ခရီးသွားတွေကို ငှားရမ်းထားတာဖြစ်ပြီး အနည်းဆုံး လူ ၅ ယောက် တည်းခိုခဲ့တယ်လို့ ရဲတပ်ဖွဲ့သတင်းရင်းမြစ်တခုက ပြောပါတယ်။ တခြားပိတ်မိနေသူတွေ ရှိသေးလား ဆိုတာကိုတော့ ချက်ချင်း မသိရသေးပါဘူး။
Source:Reuters










