
ဂရိနိုင်ငံရဲ့ မြို့တော် အေသင်မြို့လယ်က ခရီးသွားဧည့်သည်တွေ လာလည်လေ့ရှိတဲ့ ဧရိယာတခုမှာ နှစ်ထပ်လူနေ အဆောက်အအုံတခု ပေါက်ကွဲမှုဖြစ်ပြီး ပြိုကျပျက်စီးခဲ့တာကြောင့် လူ ၆ ယောက် သေဆုံးခဲ့တယ်လို့ ဂရိမီးသတ်တပ်ဖွဲ့က စက်တင်ဘာ ၂၆ ရက်မှာ ပြောပါတယ်။
မြို့တော်ဝန်ရဲ့ စကားကို ကိုးကားခန့်မှန်းပြီး ဓာတ်ငွေ့ပိုက်လိုင်းစနစ်နဲ့ ဆက်စပ်ပေါက်ကွဲတာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အထူးဝတ်စုံတွေနဲ့ အနီရောင်ဦးထုပ်တွေ ဝတ်ထားတဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ဆယ်ရေးခွေးတွေ၊ ကင်မရာတွေနဲ့ အာရုံခံကိရိယာတွေရဲ့ အကူအညီနဲ့ လူ ၆ ယောက်ရဲ့ ရုပ်အလောင်းတွေကို ရှာတွေ့ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ရုပ်သံကနေ ပြောပါတယ်။
ရုပ်အလောင်းတွေကို အထောက်အထားစိစစ်နိုင်ဖို့ ဆေးရုံပို့နိုင်ရေးအတွက် စနေနေ့မှာ လူနာတင်ယာဉ်တွေ အသင့်စောင့်ဆိုင်းနေခဲ့ကြပါတယ်။
သောကြာနေ့က ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုကြောင့် အေသင်မြို့က အက္ခရိုပိုလစ်နဲ့ ဇုစ် ဘုရားကျောင်းတို့လို လူကြိုက်အများဆုံး နေရာတချို့နဲ့ နီးကပ်တဲ့ ပလာကာ ရပ်ကွက်ထဲက အဆောက်အအုံတခု ပျက်စီးခဲ့ရပါတယ်၊
အနားက အိမ်တွေ၊ ဆိုင်ခန်းတွေနဲ့ မော်တော်ယာဉ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပြီး အပျက်အစီးတွေနဲ့ မှန်ကွဲစတွေက လမ်းဆုံ သုံးခုအကွာအဝေးအထိ လွင့်စင်ရောက်ရှိခဲ့ပါတယ်။
Source: Reuters










