DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့ပြ အဆောက်အအုံများကို ငလျင်ဘေး ကြိုတင်ပြင်ဆင်ရန် လိုအပ်
မြတ်သဇင်
·
June 22, 2026
Photo: DVB
Photo: DVB
Donate to DVB

ရန်ကုန်မြို့ပြနဲ့ အနီးဝန်းကျင်မှာ ပုံမှန်မဟုတ်တဲ့ ငလျင်ငယ်တွေ ဆက်တိုက်လှုပ်ခတ်နေတာကြောင့် အ‌‌ဆောက်အုံ‌တွေရဲ့ ကြံ့ခိုင်မှုနဲ့ ဘေးအန္တရာယ်ခံနိုင်ရည်ကို စစ်‌ဆေးမှုတွေ တိုးမြှင့်ဆောင်ရွက်ဖို့ မြန်မာနိုင်ငံ ငလျင်ကော်မတီက သက်ဆိုင်ရာ အာဏာပိုင်‌တွေကို သတိပေး တိုက်တွန်းတဲ့အကြောင်း စင်ကာပူအခြေစိုက် Channel News Asia  သတင်းမှာ ဖော်ပြပါတယ်။

မြေငလျင်ပညာရှင် ဒေါက်တာမျိုးသန့်ကလည်း မေလနဲ့ ဇွန်လအတွင်း ရန်ကုန်မြို့ပေါ်နဲ့ အနီးဝန်းကျင်မှာ ငလျင်ငယ်တွေ ‌တောက်လျှောက်လှုပ်‌‌နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

မြေငလျင်ပညာရှင် ဒေါက်တာမျိုးသန့်က “အခုရက်ပိုင်း လပိုင်းတွေမှာပေါ့၊ ရန်ကုန်မြို့ပေါ်နဲ့ အနီးဝန်းကျင်မှာ ငလျင်ငယ်လေးတွေ တောက်လျှောက် လှုပ်နေတာ တွေ့ရတယ်ပေါ့။ အဲ့တော့ ရန်ကုန်မြို့ကို ဖြတ်သွားတဲ့ ပြတ်ရွေ့အနေနဲ့တော့ ပြတ်ရွေ့တွေသည် အသေးစား ပြတ်ရွေ့လေးတွေပဲ ရှိတယ်ပေါ့၊ တောင်မြောက် သွယ်တန်းနေတဲ့ ပြတ်ရွေ့ငယ် ၂ ကြောင်းရှိတာကိုတော့ တွေ့ရတယ်။ ဆိုတော့ အဲဒီငလျင်တွေသည် ဒီပြတ်ရွေ့တွေနဲ့ သက်ဆိုင်နေသလားပေါ့၊ ဒါကိုတော့ ကျနော်တို့ အသေးစိတ် လေ့လာသုံးသပ်ဖို့ လိုတယ်။ နောက်တခါ ရန်ကုန်မြို့ရဲ့ အနောက်ဘက်မှာလည်းပဲ ပြတ်ရွေ့ငယ်လေးတွေ ရှိနေသေးတယ်။ ဆိုတော့ ဘာပဲဖြစ်ဖြစ် ရန်ကုန်မြို့နဲ့ ရန်ကုန်မြို့ အနီးဝန်းကျင်မှာ ဗဟိုပြုပြီးတော့ လှုပ်ခတ်တဲ့ ငလျင်တွေကတော့ ပြင်းအား ကျနော်တို့ ၅ ဒသမ ၅ ပေါ့၊ ဒီဝန်းကျင်ရှိတဲ့ ငလျင်တွေ လှုပ်ဖို့တော့ များတယ်ပေါ့လေ၊ ငလျင်ငယ်လေးတွေ လှုပ်ဖို့ပဲ ရှိတာပေါ့”လို့ ပြောပါတယ်။

အထပ်မြင့် အဆောက်အအုံတွေများတဲ့ ရန်ကုန်မြို့က ‌ဒေသခံ‌တွေဟာ ပျက်စီးဆုံးရှုံးမှုတွေ၊ အသက်အိုးအိမ် ပျက်စီးမှု‌‌တွေ များပြားခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လက လှုပ်ခတ်ခဲတဲ့ အင်အားပြင်းငလျင်ကြီးလိုမျိုး ရန်ကုန်မှာလည်း ဖြစ်လာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။

ရန်ကုန်မြို့ခံတယောက်က “ရန်ကုန်က အဆောက်အအုံတွေက အရမ်းများတယ်လေ။ လှုပ်သွားခဲ့တဲ့ ၅ ဒသမ ၂ ငလျင်လှုပ်သွားတုန်းကကျတော့ ကံကောင်းချင်တော့ စက္ကန့်ပိုင်းလေးပဲပေါ့နော်၊ အရမ်းကြီး မကြာလိုက်ဘူး၊ သိမ့်ခနဲ တချက်လှုပ်သွားတာ၊ သူသာ နည်းနည်းကြာတယ်ဆိုရင် အဆောက်အအုံတွေဘာတွေ ပိုပြီးတော့ ဟိုဟာဖြစ်မှာပေါ့။ ရုံးအသင်းအဖွဲ့တွေ ပြောရမယ်ဆိုရင် ဘဏ်တွေမှာဆိုရင် ငလျင်လှုပ်ပြီဆိုရင် အဆိုင်းချထားတာတွေ ရှိတယ်၊ ဝီစီနဲ့ မှုတ်ပြီးရင် စနစ်တကျ ဘယ်ကနေ ဘယ်ကိုသွားရမယ်၊ ဦးဆောင်ပေးရမဲ့သူ၊ ဆေးဝါးထောက်ပံ့ပေးမဲ့သူ၊ နောက်ပြီး ငလျင်လှုပ်ပြီး ဘယ်နှစက္ကန့်အတွင်း အဆောက်အအုံအောက်ကို ရောက်ရမယ်ဆိုတာမျိုးက အသင်းအဖွဲ့တွေက လုပ်ကြတယ်။ ဒါပေမဲ့ ရပ်ကွက်မှာရှိတဲ့သူတွေကို အစိုးရကနေပြီး ဦးဆောင်လုပ်တာမျိုး ရှိမနေဘူး။ တကယ်ဖြစ်လာရင် မလွယ်ဘူး၊ ရန်ကုန်မှာ အဆောက်အအုံ တွေက တခုနဲ့တခုကပ်ပြီး အကြီးကြီးတွေ။”

ငလျင်လှုပ်ခတ်မှု မှတ်တမ်းတွေအရ ရန်ကုန်မြို့ပြကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ပြတ်‌‌ရွေ့က စစ်ကိုင်းပြတ်ရွေ့ရဲ့ တောင်ဘက်အပိုင်း‌တွေဖြစ်ပြီး အထူးသဖြင့် လူ‌‌ပေါင်းရာနဲ့ချီ ‌သေဆုံးခဲ့ဖူးတဲ့ ၁၉၃၀ ပြည့်နှစ် ပဲခူးငလျင်က ထင်ရှားတဲ့ သာဓက တခုပဲ ဖြစ်ပါတယ်။

တကယ်လို့ ဒီလို ပဲခူးငလျင်လိုမျိုး ပြင်းအား ၇ ဒသမ ၃ နဲ့ အထက် ရှိတဲ့ ငလျင်ကြီးမျိုး လှုပ်ခတ်ခဲ့မယ်ဆိုရင် ပြတ်ရွေ့နဲ့ နီးစပ်တဲ့ ပဲခူးမြို့အပြင်၊ ရန်ကုန်မြို့ကလည်း ထိခိုက် ပျက်စီးမှုတွေက ရှိလာနိုင်တာလည်း ဖြစ်ပါတယ်။

ဒါကြောင့် ပြင်ဆင်မှုတွေလိုအပ်နေတာ အမှန်ပဲ ဖြစ်တယ်လို့လည်း ဒေါက်တာမျိုးသန့်က ဆိုပါတယ်။

“၁၉၃၀ ပဲခူးငလျင်ကို နမူနာပေးကြည့်ရမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့က ပြင်ဆင်မှုတွေ လိုအပ်တာပေါ့။ ဆိုတော့ စည်ပင်သာယာကော်မတီအနေနဲ့ သော်လည်းကောင်းပေါ့၊ ရန်ကုန်မြို့ရဲ့ အစိုးရအဖွဲ့၊ နောက် သက်ဆိုင်ရာ institution တွေပေါ့၊ တက္ကသိုလ်တွေ အပါအဝင်ပေါ့၊ သုတေသနအဖွဲ့အစည်းတွေ အားလုံးက ဒါတွေကို သုတေသန ဆောင်ရွက်ဖို့ လိုအပ်တယ်။ ရလာတဲ့ သုတေသနရလဒ်ပေါ်မှာ မူတည်ပြီးတော့မှ ကျနော်တို့ မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းတွေပေါ့၊ existing အနေအထားအရသော်လည်းကောင်း၊ နောက် အနာဂတ် future development project တွေ၊ အနာဂတ် စီမံကိန်းတွေအတွက်သော်လည်းကောင်း စနစ်တကျ ဆောင်ရွက်ဖို့ လိုအပ်တယ်ပေါ့။ သဘာဝဘေး ဒဏ်ခံနိုင်တဲ့ အဆောက်အအုံတွေ ဖြစ်ဖို့ လိုအပ်တယ်။ ငလျင်ဒဏ်ခံနိုင်ရည်ရှိတဲ့ အဆောက်အအုံတွေ ရှိဖို့ ဖြစ်ဖို့ လိုအပ်တာပေါ့။”

ဒါ့အပြင် ငလျင်လို သဘာဝဘေးအန္တရာယ်တွေ ကြုံလာရရင် ဘေးလွတ်ရာ ရွှေ့ပြောင်းပေးမဲ့ စင်တာတွေ၊ ထွက်ပြေးရမယ့် Evacuation လမ်းကြောင်းတွေ စနစ်တကျ ရှိဖို့နဲ့၊ ဆေးရုံလို မရှိမဖြစ် အဆောက်အအုံတွေရဲ့ ကြံ့ခိုင်မှုကို ဦးစားပေး အကဲဖြတ်စစ်ဆေးဖို့ လိုအပ်တယ်လို့လည်း ဒေါက်တာမျိုးသန့်က ထောက်ပြထားပါတယ်။

စင်ကာပူအခြေစိုက် Channel News Asia သတင်းဌာနက ‌‌‌ဖော်ပြခဲ့တဲ့ သတင်းအရ မြန်မာနိုင်ငံငလျင်ကော်မတီက  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) နဲ့ ပူးပေါင်းပြီး စမ်းသပ်စီမံကိန်းတခု အကောင်အထည်ဖော်ဖို့ အဆိုပြုထားသလို အဲဒီစီမံကိန်းရဲ့ ရည်ရွယ်ချက်ကတော့ အဆောက်အအုံတွေရဲ့ တည်ဆောက်ပုံကြံ့ခိုင်မှုကို အကဲဖြတ်ဖို့နဲ့ မြို့တော်ရဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်စွမ်းကို မြှင့်တင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။

စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရက  သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးစွမ်းရည် မြှင့်တင်ဖို့ ဆောင်ရွက်နေပြီး အိန္ဒိယနိုင်ငံရဲ့ အကူအညီနဲ့ ရန်ကုန်မြို့မှာ အရေးပေါ်စစ်ဆင်ရေးဗဟိုဌာနတခု တည်ထောင်ထားတယ်လို့လည်း သိရပါတယ်။

ရန်ကုန်မြို့က ဒေသခံတွေကတော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးမှုတွေ၊ အရေးပေါ်တုံ့ပြန်မှု ကူညီကယ်ဆယ်‌ရေး အစီအစဉ်‌‌‌တွေနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေဘက်က သိသာထင်ရှားတဲ့ အသိပညာဖြန့်ဝေမှုတွေ မရှိဘူးလို့လည်း ‌ဝေဖန်‌‌‌ပြောဆိုထားကြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013