
ရန်ကုန်တိုင်းမှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်ကနေ ဩဂုတ် ၃၁ ရက်အတွင်း လူငယ် ၅၇၃ ယောက်အထိ အတင်းအဓမ္မဖမ်းဆီးခံခဲ့ရတယ်လို့ BNI - Myanmar Peace Monitor က အောက်တိုဘာ ၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
Rangoon Scout Network (RSN) ရဲ့ အချက်အလက်တွေကို အခြေခံထုတ်ပြန်တာဖြစ်ပြီး စိစစ်ချက်တွေအရ လမ်းပေါ်မှာ၊ မော်တော်ယာဉ်နဲ့ ဆိုင်တွေထဲမှာ တွေ့သူတွေကို ဖမ်းဆီးတာက ၄၉ ဒသမ ၉ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။
ဧည့်စာရင်းစစ်တာ၊ ယာဉ်တားဆီးစစ်ဆေးတာကတဆင့် ရှောင်တခင်ဖမ်းဆီးတာက ၂၆ ရာခိုင်နှုန်း၊ သတင်းအတိအကျနဲ့ လာရောက်ရှာဖွေဖမ်းဆီးတာက ၁၈ ရာခိုင်နှုန်း၊ အလုပ်အကိုင် ဒါမှမဟုတ် မူးယစ်ဆေးဝါးနဲ့ လိမ်လည်ခေါ်ယူဖမ်းဆီးတာက ၃ ဒသမ ၇ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။
နည်းလမ်းမျိုးစုံကို အသုံးပြုဖမ်းဆီးနေတာကြောင့် ရန်ကုန်မြို့ပြ လူငယ်တွေအနေနဲ့ လူသူကင်းမဲ့တဲ့ နေရာတွေကို သွားလာတာမျိုး ရှောင်ကြဉ်ကြဖို့၊ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်တဲ့ သတင်းတွေကို ဂရုပြုနားစွင့်ထားကြဖို့၊ ဘေးလွတ်ရာ ရှောင်တိမ်းနိုင်မဲ့နေရာတွေကို ကြိုတင်ပြင်ဆင်ထားကြဖို့နဲ့ အရေးပေါ် ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်တွေကို အလွတ်ကျက်မှတ်ထားကြဖို့ Rangoon Scout Network (RSN) က သတိပေး နှိုးဆော်ထားပါတယ်။
သုတေသနအဖွဲ့တခုဖြစ်တဲ့ PACE-Myanmar ကလည်း ရန်ကုန်က လူငယ်တွေကို တွေ့ဆုံမေးမြန်းပြီး ထုတ်ပြန်တဲ့ အစီရင်ခံစာတခုမှာ လူငယ်အများစုဟာ သူတို့ရဲ့ နေ့စဉ်ဘဝ လုံခြုံရေးကို အတော်စိုးရိမ်ကြပြီး လူငယ် ၉၀ ရာခိုင်နှုန်းဟာ ညဘက်မှာ သွားလာဖို့၊ အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေးခံရမှာနဲ့ လုယက်ခံရမှာကို စိုးရိမ်နေကြတယ်လို့ ဖော်ပြထားပါတယ်။










