
တရုတ်စနူကာ ကစားသမား ဂျန်ရှင်တောင်ဟာ ကမ္ဘာ့စနူကာချန်ပီယံရှစ်ပြိုင်ပွဲမှာ အနိုင်ရပြီး ပထမဆုံး တရုတ်လူမျိုး ကမ္ဘာ့စနူကာချန်ပီယံ ဖြစ်လာပါတယ်။
ဂျန်ရှင်တောင်ဟာ မတ် ၅ ရက်က ကျင်းပတဲ့ ကမ္ဘာ့ စနူကာချန်ပီယံရှစ်ပြိုင်ပွဲမှာ ဝေးလ်ကစားသမား မာ့ခ်ဝီလျံကို အနိုင်ရပြီး ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။
အဲဒီပွဲမှာ ကမ္ဘာ့ချန်ပီယံ ၃ ကြိမ် ဖြစ်ခဲ့ဖူးတဲ့ မာ့ခ်ဝီလျံဟာ အနိုင်ရဖို့ ပြန်ကြိုးစားခဲ့ပေမဲ့ ၁၂ ဖရိန် ရခဲ့ပြီး အသက် ၂၈ နှစ်အရွယ်ရှိ ဂျန်ရှင်တောင်က ၁၈ ဖရိန်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ဂျန်ရှင်တောင်ဟာ ၂၀၂၃ ဇန်နဝါရီလက လုပ်ပွဲကစားမှုမှာ ပါဝင်ပတ်သက်ခဲ့တာကြောင့် လပေါင်း ၂၀ ပွဲပယ်ခံခဲ့ရဖူးပါတယ်။
အဲဒါကြောင့် ဂျန်ရှင်တောင်ဟာ ဒီပြိုင်ပွဲမှာ သူ့ရဲ့ အဆင့်သတ်မှတ်ချက်ကို အပျော်တန်းအဖြစ်သာ သတ်မှတ်ခံခဲ့ရပြီး ပြိုင်ပွဲဝင်ခွင့်ရဖို့ လက်ရည်စစ်ပွဲ ၄ ပွဲ ကစားခဲ့ရပါတယ်။
ဆိုင်ကလုန်းလို့ ချစ်စနိုးခေါ်ဝေါ်ခံရတဲ့ ဂျန်ရှင်တောင်ဟာ အကောင်းဆုံး ၃၅ ဖရိန် ပြိုင်ပွဲ မေ ၄ ရက်က ကျင်းပခဲ့တဲ့ အစောပိုင်း ပွဲစဉ်မှာတည်းက ဝီလျံကို ၇-၁ နဲ့ အနိုင်ရထားသူဖြစ်ပါတယ်။
ပြီးခဲ့တဲ့ပွဲမှာ ဝီလျံဟာ တိတိကျကျ ထိုးနိုင်ဖို့ ရုန်းကန်ခဲ့ပြီး ပြိုင်ဘက်ဖြစ်တဲ့ ဂျန်ရှင်တောင်ကို ဖိအားပေးနိုင်မှုမရှိဘဲ ၁၇-၈ ဖရိန်နဲ့ ဦးဆောင်တာ ခံနေခဲ့ရပါတယ်။
ဂျန်ရှင်တောင်အတွက် ချန်ပီယံဖြစ်ဖို့ ၁ ဖရိန်သာ လိုအပ်တဲ့အချိန်မှာ ဝီလျံက ညနေပိုင်းပွဲစဉ်တွေမှာ ၄ ဖရိန် ပြန်နိုင်ခဲ့ပြီး ဖိအားပေးနိုင်ခဲ့တာ တွေ့ရပါတယ်။
ညနေမှာယှဉ်ပြိုင်တဲ့ ၅ ဖရိန်မှာ ဝီလျံက ၄ ဖရိန် အနိုင်ရခဲ့ပေမဲ့ ဂျန်ရှင်တောင်က ဗိုလ်စွဲဖို့ သေချာစေတဲ့ ၁ ဖရိန်ကို အနိုင်ရခဲ့တာဖြစ်ပါတယ်။
ဂျန်ရှင်တောင်ဟာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာလည်း ကမ္ဘာ့ချန်ပီယံ ၇ ကြိမ် ဖြစ်ခဲ့ဖူးတဲ့ အိုဆူလီဗန်ကို အနိုင်ရခဲ့သူဖြစ်ပြီး စနူကာဘုရင်သစ် ဖြစ်လာဖို့ အလားအလာကောင်းလာသူ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာ အနိုင်ရခဲ့တာကြောင့် ဂျန်ရှင်တောင်ဟာ လက်ရည်စစ်ပွဲကနေ တက်ပြီး ချန်ပီယံဖြစ်ခဲ့တဲ့ တယ်ရီဂရစ်ဖစ်နဲ့ ရှောင်မာဖိတို့နောက်ပိုင်း တတိယမြောက် ကစားသမား ဖြစ်လာပါတယ်။
ကမ္ဘာ့စနူကာပြိုင်ပွဲမှာ အနိုင်ရခဲ့တာကြောင့် ဂျန်ရှင်တောင်ဟာ ပေါင် ၅၀၀,၀၀၀ ဆုကြေးငွေ ရရှိခဲ့ပါတယ်။
Source: Reuters