
ရုရှားက ယူကရိန်းဆီကနေ သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသမှာ လုံခြုံရေး စိုးရိမ်စရာတွေကြောင့် အောင်ပွဲခံရေးနေ့ ချီတက်ပွဲကို ရုရှားနိုင်ငံက ဖျက်သိမ်းလိုက်တယ်လို့ အာဏာပိုင်တွေက နိုင်ငံပိုင်မီဒီယာတွေကနေ ဖော်ပြပါတယ်။
ဒုတိယကမ္ဘာစစ်မှာ ဆိုဗီယက်တို့ အောင်ပွဲခံခြင်း အထိမ်းအမှတ်အဖြစ် မေ ၅ ရက်မှာ ကျင်းပမယ့် ပင်လယ်နက်ဆိပ်ကမ်းမြို့ ဆီဗက်စတိုပိုမြို့က ချီတက်ပွဲကို လုံခြုံရေးအန္တရာယ်တွေကြောင့် မကျင်းပတော့ဘူးလို့ ဆီဗက်စတိုပိုမြို့ အုပ်ချုပ်ရေးမှူး မစ်ခေး ရက်ဇ်ဗိုဂျာယက်ဗ်က ပြောပါတယ်။
ရုရှားနိုင်ငံ နိုဗိုရော့ခ်စီယက်စ် ဆိပ်ကမ်းမြို့အနား ပင်လယ်နက်ထဲကနေ ယူကရိန်း ပင်လယ်ဒရုန်းတွေက ရုရှားတိုက်လေယာဉ် ၂ စင်းကို ပစ်ချခဲ့တယ်လို့ ယူကရိန်းအစိုးရက ပြောအပြီး ရက်ပိုင်းအတွင်း ချီတက်ပွဲကို ဖျက်သိမ်းခဲ့တာပါ။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ရုရှားနိုင်ငံ မော်စကိုမြို့မှာ ကျင်းပတဲ့ အောင်ပွဲနေ့ ချီတက်ပွဲကို တက်လာမယ့် နိုင်ငံရပ်ခြား အရာရှိတွေရဲ့ လုံခြုံရေးကို ယူကရိန်းက အာမ မခံနိုင်ဘူးလို့ ပြောခဲ့ပါတယ်။
ရုရှားဟာ “မီးရှို့မှု၊ ဖောက်ခွဲမှု ဒါမှမဟုတ် တခြားလုပ်ရပ်တွေလို ရန်လိုတဲ့ စဥ်းစားမှုတွေကို ကြိုးကိုင်နေပြီး ယူကရိန်းကို အပြစ်တင်ဖို့ ကြိုးပမ်းနိုင်တယ်” လို့ ဇလန်းစကီးက သတိပေးထားပါတယ်။
ရုရှားနယ်မြေလုံခြုံရေးအတွက် ရုရှားအစိုးရမှာသာ တာဝန်ရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။
တချိန်တည်းမှာပဲ ယူကရိန်းဟာ အမေရိကန်ဆီကနေ ပြန်လည်မွမ်းမံပြင်ဆင်ထားတဲ့ ပက်ထရီရော့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို လက်ခံရရှိမယ်လို့ အမေရိကန်က ကြေညာခဲ့ပါတယ်။
ပက်ထရီရော့စနစ်တွေ ပေးပို့ရေး ဆုံးဖြတ်ချက်အပေါ် သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ကိုယ်ရေးကိုယ်တာ သဘောထားအမြင်က ရှင်းရှင်းလင်းလင်း မရှိသေးဘူးလို့ တိုင်းမ်စ် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
Source: Reuters