
မကွေးတိုင်း၊ စလင်းမြို့နယ်ထဲမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မေ ၄ ရက်နေ့မှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးဒဏ်ရာရရှိခဲ့ကြတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းရဲ့ပြန်ကြားရေးတာဝန်ခံက “စလင်းမြို့နယ်ထဲမှာရှိတဲ့ ကုက္ကိုလ်တန်းရွာကို စစ်ကြောင်းထိုးဝင်ရောက်လာကြတဲ့ ခန့်မှန်းအင်အား ၁၃၀ ကျော်ပါတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်တာမှာ သူတို့ဘက်က ၂၇ ယောက်သေဆိုတာတော့ မျက်မြင်တွေ့ရှိခဲ့ရပါတယ်။ ဒဏ်ရာရတဲ့သူ ၃၀ ထက်မနည်းရှိတယ်ဆိုကတော့ သတင်းပေးတွေရဲ့ သတင်းပေးပို့မှုတွေအရ သိရတာပါ” လို့ ပြောပါတယ်။
အဲဒီကြားဖြတ်တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း နဲ့အတူ စလင်းမြို့နယ် ပကဖ၊ CGF၊ ဧရာဘီလူးအဖွဲ့၊ မကွေးတိုင်း တိုင်းလက်ရုံးဒရုန်းအဖွဲ့တို့အပြင် အခြားမဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
“သူတို့ဘက်က လေကြောင်းပစ်ကူက တောက်လျှောက်ဗုံးတွေကြဲတာ၊ တညတည်း အလုံး ၅၀ နီးပါးရှိတယ်။ အဲဒါကြောင့် တိုက်ပွဲထဲကနေ လက်နက်တွေမကောက်နိုင်ဘဲ ပြန်ဆုတ်လာကြတာ။ ကျနော်တို့ဘက်က ဘယ်သူမှ ထိခိုက်ဒဏ်ရာမရဘူး” လို့ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းရဲ့ တပ်ရင်းမှူး ရဲဘော်ကိုနောင် က DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေပူကန်ကျေးရွာနဲ့ ကုက္ကိုလ်တန်းကျေးရွာတွေဝန်းကျင်ကို ဗုံးတွေဆက်တိုက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲအတွင်း တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတဲ့အပေါ် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာ မတွေ့ရသေးသလို DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ပြီးခဲ့တဲ့ မတ် ၁၃ ရက်နေ့ကလည်း ကျပင်းတောင်ပေါ်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ အဆိုပါ ကုက္ကိုလ်တန်းကျေးရွာထဲကို ပစ်ခတ်ခဲ့တာကြောင့် လူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူတွေ ဘေးလွတ်ရာ နေရာတွေကို တိမ်းရှောင်ထွက်ပြေးနေကြရတာ သီတင်း ၃ ပတ်ကျော်ကြာမြင့်နေပြီလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။