Home
မြန်မာသတင်း
၈ လနီးပါးပိတ်ထားသည့် အင်းတော်မြို့တွင်းလမ်းများကို ပြန်လည်အသုံးပြုခွင့်ပေး
DVB
·
May 6, 2025
Photo: Indaw Revolution IR
Photo: Indaw Revolution IR
Photo: Indaw Revolution IR

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ ၈ လနီးပါးကြာ အသုံးပြုခွင့်ပိတ်ပင်ထားတဲ့ မြို့တွင်းလမ်းတွေကို မေလ ၄ ရက်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပြန်လည်အသုံးပြုခွင့်ပေးလိုက်တယ်လို့ သိရပါတယ်။

Indaw Revolution IR ရဲ့ တာဝန်ခံက “မြို့သိမ်းတိုက်ပွဲတွေကြောင့် ၈ လနီးပါးကြာ ယာယီပိတ်ထားရတဲ့ အင်းတော်မြို့တွင်းလမ်းမကြီးနဲ့ မြို့ပေါ်လမ်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပြန်လည်အသုံးပြုခွင့်ပေးလိုက်တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ စတင်ခဲ့တဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲကြောင့် အဆိုပါ လမ်းအသုံးပြုခွင့်ကို ပိတ်ပင်ထားခဲ့တာလို့ ဆိုပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ တပ်ရင်းမှူးတယောက်က “အင်းတော်မြို့ထဲကနေ ဖြတ်သွားတဲ့ မန္တလေး-မြစ်ကြီးနား ဗျူဟာ ကားလမ်းမကြီးကို မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားနေတဲ့ ၈ လတာအတွင်း ပိတ်ထားခဲ့တဲ့အခါမှာ မြို့ရှောင်လမ်းလို့ ခေါ်တဲ့ သစ်ခိုးထုတ်ခဲ့တဲ့ မြို့ကွင်းလမ်းကနေ ကားတွေ သွားလာကြဖို့ သတ်မှတ်ပေးထားခဲ့တာပါ။ မဖြစ်သာလို့သာ မြို့ကွင်းလမ်းကို အသုံးပြုကြဖို့ သတ်မှတ်ပေးခဲ့ရပေမယ့်လည်း အဲဒီလမ်းက ကြမ်းတာရယ်၊ ဆိုးတာရယ်၊ လမ်းကြောရှည်တာရယ်၊ မိုးတွင်းဆိုရင် တော်တော်လေးဆိုးတဲ့လမ်း ဆိုတော့ ကားခတွေပိုတက်ပြီး ကုန်ဈေးနှုန်းတွေ ဈေးတက်တာပေါ့။ မြို့သိမ်းတိုက်ပွဲလည်း ပြီးပြီ။ အခုမကြာခင်မှာက မိုးတွင်းကာလကိုလည်း ရောက်တော့မှာဆိုတော့ ကုန်စည်ပို့ဆောင်ရေးတွေ အခက်အခဲမဖြစ်အောင်နဲ့ ကုန်ဈေးနှုန်းတွေမတက်အောင် တင်ရင်းတပ်ဖွဲ့တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ တိုင်ပင်ပြီး မြို့တွင်းလမ်း အသုံးပြုခွင့် ပြန်ပေးလိုက်တာ” လို့ DVB ကို ပြောပါတယ်။

တိုက်ပွဲတွေကြောင့် အင်းတော်မြို့ကနေ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံ ပြည်သူတွေကိုတော့ မိမိနေအိမ်တွေက အသုံးလိုတဲ့ ပစ္စည်းတွေကိုသာ အကန့်အသတ်နဲ့ ယူဆောင်ခွင့်ပေးထားပြီး မြို့ပေါ်မှာ လုံခြုံမှုမရှိသေးတဲ့အတွက် မြို့ပေါ်ကို ပြန်လည် နေထိုင်ခွင့်မပြုထားသေးဘူးလို့လည်း သူက ဆက်ပြောပါတယ်။

အခု ၂၀၂၅ ခုနှစ်၊ ဧပြီ ၇ ရက်မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ အင်းတော်မြို့ကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြတာလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024