စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ မေ ၄ ရက် မနက် ၇ နာရီဝန်းကျင်က စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ Kawlin Info ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
“စစ်တပ်ဘက်က ပစ်လို့ သေဆုံးသွားတဲ့သူဟာ ကောလင်းမြို့ရဲ့ တောင်ဘက်နားမှာရှိတဲ့ တာရွာက အသက် ၅၀ ကျော် ဒေါ်ဥ ဖြစ်ပါတယ်။ လမ်းပေါ်သွားနေရင်း စစ်တပ်ရဲ့ အကြောင်းမဲ့ပစ်ခတ်ခံရတာပါ။ ရင်ဘတ်ကို ကျည်ဖောက်ထွက်သွားပြီးတော့ နေရာမှာတင် ဆုံးသွားပါတယ်။”
ဒေါ်ဥ ပစ်ခတ်မခံရခင် အဲဒီနေ့မနက်ပိုင်းမှာ ကောလင်းမြို့၊ တောင်ဘက်နားမှာရှိတဲ့ တာကျေးရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြသေးတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက “အဲဒီနေ့ မနက်စောပိုင်းက တာရွာတွေဘက်ကို စစ်ကြောင်းထိုးတဲ့ တပ်စစ်ကြောင်းနဲ့ တာရွာနားမှာ နှစ်ဖက် တိုက်ပွဲဖြစ်ခဲ့တာ ၁ နာရီလောက် ကြာခဲ့တယ်။ တိုက်ပွဲထဲမှာ စစ်ကြောင်းဘက်က အထိနာလို့ ပြန်ဆုတ်သွားကြတယ်။ တိုက်ပွဲတွေ ငြိမ်သွားတော့မှ တာရွာထဲမှာနေတဲ့ ဒေါ်ဥ ရွာပြင် ထွက်လာတာကို စစ်တပ်ကင်းပုန်းက လှမ်းပစ်ခဲ့တာဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။
တာကျေးရွာသူ ဒေါ်ဥကို ပစ်ခတ်ခဲ့ကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလည်း ကောလင်းမြို့ပေါ်ကို ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို ကောလင်းခရိုင် တပ်ရင်း ၁ နဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်ဒဏ်ရာရခဲ့သူ မရှိဘူးလို့လည်း သိရပါတယ်။
အဲဒီ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်ပွားခဲ့ကြတဲ့ တိုက်ပွဲအခြေအနေနဲ့ တာကျေးရွာသူ ဒေါ်ဥ ပစ်ခတ်ခံရလို့ သေဆုံးရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။