
စစ်ကိုင်းတိုင်းအတွင်း ရေဦးမြို့နယ် အနောက်ခြမ်း အင်ပုထိုးကျေးရွာနဲ့ ကနီမြို့နယ်တောင်ခြမ်း ချောင်းမအရှေ့ရွာအနီးကို စစ်တပ်က မေ ၅ ရက် မနက်အစောပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရေဦးမြို့နယ်အနောက်ခြမ်း အင်းပုထိုးကျေးရွာကို မေ ၅ ရက် မနက် ၉ နာရီက လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ရေဦး ပအဖ တာဝန်ရှိသူ ကိုပြည့်ကြီးက “မြေပြင်မှာ တိုက်ပွဲဖြစ်တာ မရှိပါဘူး။ အကြောင်းမဲ့ကို ကြဲချသွားတာ။ ဗုံးသီးက ၂ လုံး ကြဲချတာ။ အဲဒီလိုကြဲချလို့ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့ရတယ်။ နောက်ထပ် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်” လို့ ပြောပါတယ်။
ရေဦးနယ် အင်ပုထိုးကျေးရွာကို စစ်ကောင်စီတပ်က မိတ္ထီလာလေတပ်မှ Mi 29 တိုက်လေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။
အလားတူ ကနီမြို့နယ်တောင်ခြမ်း ချောင်းမအရှေ့ရွာအနီးကိုလည်း မေ ၅ ရက် မနက်ခင်း အစောပိုင်း ၁ နာရီနီးပါးက ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။
ဒေသခံ မောင်ကောင်းသုစံက “ပေါင် ၅၀၀ များ ဖြစ်မလားမသိဘူး။ ဗုံးသီးကျပြီး ည ပေါက်ကွဲခဲ့တဲ့နေရာက ကျင်းကြီးတွေကတော့ အိမ်တလုံးနီးပါးလောက် ကျယ်တယ်။ အနက်ကလည်း လူတရပ်လောက် ရှိတယ်။ ရွာရဲ့တောင်ဘက် မီးသတ်ရုံးရဲ့ တောင်ဘက် လျှော်ဖြူခြံထဲ တလုံး၊ မီးသတ်ရုံး မြောက်ဘက် တလုံး စုစုပေါင်း ၂ လုံး ချတာ။ လူအထိအခိုက်တော့ မရှိဘူး” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုတိုးပြီး လုပ်ဆောင်လာတာကြောင့် ဒေသတွင်းပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြရပြီး တောင်ယာလုပ်ငန်းတွေ လုပ်ကိုင်ဖို့ အခက်အခဲတွေ ကြုံနေကြရတယ်လို့လည်း သိရပါတယ်။