
မြန်မာ့လွတ်လပ်ရေး ဗိသုကာ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အထိမ်းအမှတ် ရုပ်တုတွေကို စစ်အာဏာရှင်က ဖြိုချဖျက်ဆီးနေတာဟာ ကျေးဇူးရှင်ကို ကျေးဇူးကန်းတဲ့လုပ်ရပ် ဖြစ်တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ရေဦးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ မြို့မရဲစခန်းရှေ့မှာ တည်ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို ဇွန် ၂၇ ရက်၊ ညမှာ စစ်အာဏာရှင်လက်အောက်ခံ စည်ပင်က ဘက်ဟိုးကားနဲ့ ဖျက်ဆီး ဖယ်ရှားခဲ့တာပါ။
ဖျက်ဆီးခံရတဲ့ ရေဦးမြို့လယ် ဗိုလ်ချုပ်ကြေးရုပ်ကို ၂၀၁၈ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့ပြီး ဌာနဆိုင်ရာစိုက်ငွေ သိန်း ၂၅၀၊ ပြည်သူလူထု ထည့်ဝင်ငွေ သိန်း ၆၀၀ ဝန်းကျင် အသုံးပြုခဲ့တာပါ။
စစ်အာဏာရှင်က ဇွန် ၂၇ ရက်၊ ညနေပိုင်းကတည်းက ရေဦးမြို့ပေါ်မှာ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပြီး မြို့ထဲမှာ လက်နက်ငယ်တွေနဲ့ ခြိမ်းခြောက်ပစ်ခတ်တာတွေ အရင်ပြုလုပ်ပြီးမှ ဗိုလ်ချုပ်ကြေးရုပ်ကို ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။
ရေဦးဒေသခံ အမျိုးသမီးတယောက်က “ညနေ ၆ နာရီလောက်ကတည်းက အပြင်မထွက်ရဆိုတဲ့ အမိန့်ကို ထုတ်လိုက်တာပေါ့နော်။ သူတို့ အမိန့်ထုတ်ထားတော့ ကျမတို့ပြည်သူတွေက ကြောက်တဲ့အခါကျတော့ ကိုယ့်အိမ်ထဲမှာပဲ ကိုယ်နေကြရတာပေါ့။ ၇ နာရီ ၈ နာရီလောက်ကျတော့ မြို့ထဲကို လှည့်ပတ်ပြီးတော့ လက်နက်ငယ်တွေနဲ့ ရမ်းပစ်တာပေါ့နော်။ ည ၁၀ ခွဲ ၁၁ လောက်မှာ စပြီးတော့ ဗိုလ်ချုပ်ကြေးရုပ်ကြီးကို ဖြုတ်တာပေါ့၊ ဖျက်ဆီးပစ်တာပေါ့။ ဖျက်ဆီးတာမှ ရိုးရိုးဖျက်ဆီးရုံတင် မဟုတ်ဘူး၊ အောက်က ဖောင်ဒေးရှင်းခုံကအစ မကျန်အောင် ဖျက်ဆီးပစ်တာ။ ကျမတို့ပြည်သူတွေက အဝေးကနေပဲ လုပ်တာ အသံတွေ ကြားလို့သာပေါ့၊ ဒီဟာဖြစ်တယ်ဆိုတာ နောက် မနက်မိုးလင်းလာတော့ ကြေးရုပ်တု မရှိတော့ဘူး သိရတာပါ။ ဗိုလ်ချုပ်ကြောင့် စစ်တပ်ဆိုတာလည်း ရှိလာတာလေ၊ သူတို့က ကျေးဇူးရှင်ကို ကျေးဇူးကန်းတဲ့ ပုံစံမျိုးဖြစ်တယ်။ ဗိုလ်ချုပ်ကြေးရုပ်တုတွေ ဖြိုဖျက်မှ သူတို့နိုင်တယ်လို့ ထင်တာလား။ သူတို့သွားတဲ့နေရာမှာရော ဘယ်နေရာမှာပဲတိုက်တိုက် သူတို့ ကျဆုံးခြင်းတွေနဲ့ ဆုံနေရတာကို သူတို့ကိုယ်သူတို့လည်း သိသိလျက်နဲ့ အသက်မဲ့တဲ့ ရုပ်တုတွေကို လိုက်ဖျက်ဆီးနေတဲ့အတွက် ကြားကြားချင်း အသားပါတုန်တယ်။ တကယ်ခံစားရတယ်” လို့ ပြောပါတယ်။
ရေဦးမြို့ပေါ်က ဖြိုချဖျက်ဆီးခံလိုက်ရတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို စစ်အာဏာရှင်တပ်က ဘယ်နေရာကို သယ်ဆောင်သွားတယ်ဆိုတာ မသိရသေးဘဲ စုံစမ်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရေဦးမြို့လယ် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၈ ဇွန် ၁၀ ရက်နေ့မှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။
စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌ ဦးမြင့်ထွေးက “သူခိုးသူဝှက်လို လုပ်တဲ့ပုံစံမျိုးနဲ့ သူတို့ကို ဘာမှခုခံနိုင်ခြင်းမရှိတဲ့ ဒီရုပ်တုကို ညသန်းခေါင်သန်းလွှဲမှာ လာဖျက်ကြတဲ့ကိစ္စ အပေါ်မှာတော့ ဒီလုပ်ရပ်က အစိုးရလို့ ကိုယ့်ကိုယ်ကိုယ် ကြေညာထားတဲ့သူ စီမံခန့်ခွဲနေတဲ့ ဌာနဆိုင်ရာတွေအနေနဲ့ အင်မတန်မှ အောက်တန်းကျတယ်၊ စိတ်ပိုင်းဆိုင်ရာလုံခြုံမှု သူတို့ကိုယ်တိုင်လည်း မရှိသလို လူထုကြည်ညိုလေးစားတဲ့ ရုပ်တုကို လူထုရှေ့မှာ မဖျက်ရဲဘူးဆိုတဲ့ အခြေအနေလို့ ကျနော်တို့ မြင်တာပေါ့။ အဓိကကတော့ အဖေက လိမ္မာယဉ်ကျေးစွာရှိဖို့ အဆင့်အတန်းရှိဖို့ ဘယ်လိုပဲ ပြုပြင်ထိန်းကျောင်းပေးပေး သားဆိုးသားမိုက်တွေ အတွက်ကတော့ ဒီအဖေ့ရဲ့ပုံရိပ်ကို မြင်တိုင်းမြင်တိုင်း ထမင်းလုံးတစ္ဆေခြောက်သလို ခံစားရလို့ ဗိုလ်ချုပ်ရဲ့ပုံကို ဖျက်ဆီးတယ်လို့ ရိုးရိုးရှင်းရှင်း မြင်ရပါလိမ့်မယ်” လို့ ပြောပါတယ်။
ရေဦးမြို့၊ ဗိုလ်ချုပ်ကြေးရုပ်ဟာ စစ်အာဏာရှင်လက်ထက်မှာ ဖျက်ဆီးခံရတဲ့ ၇ ရုပ်မြောက် ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရရုပ်တု ဖြစ်ပါတယ်။
စစ်အာဏာရှင်က ပဲခူးတိုင်း၊ တောင်ငူမြို့က ဗိုလ်ချုပ်ကြေးရုပ်ကို ၂၀၂၆ ဇွန် ၉ ရက်မှာ ဖျက်ဆီးခဲ့သလို ၂၀၂၅ ဇူလိုင်မှာ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်က ဗိုလ်ချုပ်ကြေးရုပ်၊ ၂၀၂၅ ဩဂုတ်မှာ ပဲခူးမြို့က ဗိုလ်ချုပ်ရုပ်တု၊ ၂၀၂၅ နိုဝင်ဘာမှာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့က ဗိုလ်ချုပ်ရုပ်တုနဲ့ ၂၀၂၄ အောက်တိုဘာမှာ မန္တလေးတိုင်း၊ သာစည်မြို့က ဗိုလ်ချုပ်ရုပ်တုတွေကိုလည်း ဖျက်ဆီးခဲ့ပါတယ်။
သုတချမ်းသာ











