
ယီမင်နိုင်ငံထဲက ဟူသီတပ်ဖွဲ့တွေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တစင်းဟာ မေ ၄ ရက်က အစ္စရေးနိုင်ငံ ဘန်ဂူရီယွန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ထိမှန်ခဲ့ပြီး လူ ၈ ယောက်ထက်မနည်း ဒဏ်ရာရကာ အပျက်အစီးတွေ ရှိခဲ့တယ်လို့ အစ္စရေးစစ်တပ်နဲ့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်ထဲမှာ နိုင်ငံတကာ ခရီးသွားလာရေးအတွက် လေဆိပ်ရဲ့ အဓိက အမှတ် ၃ ခန်းမ အဆောင်ဆီ ဦးတည်တဲ့လမ်းပေါ် ဒုံးကျည်ကျရောက်ခဲ့ပြီး အနက်ရောင် မီးခိုးလုံးကြီးတွေ တက်လာတာကို တွေ့ရပါတယ်။
ဒုံးကျည်ကြောင့် မီတာဒါဇင်ပေါင်းများစွာ ကျယ်ပြီး နက်ရှိုင်းတဲ့ အက်ကွဲကြောင်းကို ဖန်တီးခဲ့တယ်လို့ တခြားမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ဒီဒုံးကျည်ဟာ လေဆိပ်ခန်းမဆောင်ကနေ မီတာရာဂဏန်းအကွာမှာ ကျရောက်ခဲ့တာလို့ တရုတ်မီဒီယာအုပ်စု (CMG) သတင်းထောက်တယောက်က ပြောပါတယ်။
အက်ကွဲကြောင်းမှာ အခုတော့ ရေပြည့်နေပြီး လေဆိပ်လုပ်ငန်းတွေ ပုံမှန်အတိုင်း ပြန်လည်ပတ်နေပြီလို့ CMG သတင်းထောက်က ပြောပါတယ်။
ပျံတက်မှုနဲ့ ဆင်းသက်မှုဆိုင်ရာ လေကြောင်းခရီးစဉ် အားလုံးကို ယာယီ ရပ်ဆိုင်းထားတယ်လို့ အစ္စရေးလေဆိပ်များ အာဏာပိုင်အဖွဲ့က ပြောခဲ့ပေမဲ့ လေဆိပ်လုပ်ငန်းတွေ မကြာမီ ပြန်စဖို့ မျှော်လင့်ထားပါတယ်။ လေဆိပ်ဆီ ရထားပြေးဆွဲမှုကိုလည်း ရပ်ဆိုင်းထားရပါတယ်။
မပေါက်ကွဲသေးတဲ့ လက်နက်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်တာတွေ ရှိနေသေးလို့ လေဆိပ်ဧရိယာအတွင်းမှာ ရဲတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ထားပါတယ်။
ဘန်ဂူရီယွန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တိုက်ခိုက်ပြီးတဲ့နောက် လုဖ်သန်စာ၊ ဆွစ် နိုင်ငံတကာလေကြောင်းလိုင်း၊ ဩစတြီးယန်း လေကြောင်းလိုင်းနဲ့ ဘရပ်ဆဲလ် လေကြောင်းလိုင်းတွေ အပါအဝင် လေကြောင်းလိုင်းအများအပြားဟာ တဲလ်အဗီမြို့ဆီ ပျံသန်းမှုကို မေ ၆ ရက်အထိ ဆိုင်းငံ့ထားတယ်လို့ အစ္စရေးမီဒီယာတွေက ဖော်ပြထားပါတယ်။
Source: Reuters