
အမေရိကန်စစ်တပ်ဟာ အီရန်ဆိပ်ကမ်းတွေအပေါ် ချမှတ်ထားတဲ့ ရေကြောင်းပိတ်ဆို့မှု သတိပေးချက်ကို အကြိမ်ကြိမ် လျစ်လျူရှု ချိုးဖောက်ပြီး မရပ်တန့်ဘဲ ဆက်သွားဖို့ ကြိုးစားခဲ့တဲ့ ပနားမားအလံတင် ကုန်တင်သင်္ဘောတစင်းကို ဆက်လက်မောင်းနှင် သွားလာလို့မရတော့အောင် ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဩဂုတ် ၁၁ ရက်က ပြောပါတယ်။
အမေရိကန်ရေတပ်ရဲ့ MH-60 ရဟတ်ယာဉ် တစင်းဟာ ဗီလာ နိုဗာ သင်္ဘောရဲ့ စက်ခန်းထဲကို Hellfire ဒုံးကျည် ၂ စင်းနဲ့ ပစ်ခတ်ခဲ့တာလို့ အမေရိကန် စစ်ရေးဗဟိုကွပ်ကဲမှုဌာန (CENTCOM) က ထပ်လောင်း ပြောပါတယ်။
“ဩဂုတ် ၁၁ ရက်အထိ CENTCOM အနေနဲ့ ပိတ်ဆို့မှုကို ဖောက်ထွက်ဖို့ ကြိုးစားတဲ့ ကုန်သွယ်ရေးသင်္ဘော ၅၅ စင်းကို လမ်းကြောင်းပြောင်းခိုင်းခဲ့တယ်။ စိစစ်မှုကို ငြင်းဆန်တဲ့ သင်္ဘော ၃ စင်းကို မောင်းနှင်လို့မရအောင် လုပ်ဆောင်ခဲ့တယ်။ ၂ စင်းကိုတော့ တက်ရောက်စစ်ဆေးခဲ့တယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီသင်္ဘောဟာ ပါကစ္စတန်ကမ်းလွန် ရေမိုင် ၇၁ မိုင်လောက်အကွာမှာ ပစ်ခတ်ခံခဲ့ရတာလို့ ယူဆရကြောင်း ဗြိတိန် အဏ္ဏဝါဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ Vanguard က ပြောပါတယ်။
ဒါကို အတည်ပြုပြီးရင် ဧပြီလတုန်းက အမေရိကန်ဟာ ရေကြောင်းပိတ်ဆို့မှု ကြေညာပြီး နောက်ပိုင်းမှာ တိုက်ခိုက်ခဲ့တဲ့ ၁၂ စင်းမြောက်သင်္ဘော ဖြစ်လာမှာဖြစ်ပြီး ဇူလိုင် ၁၄ ရက်မှာ ပိတ်ဆို့မှုကို ပြန်လည်စတင်ခဲ့ပြီးနောက်ပိုင်း တိုက်ခိုက်ခံရတဲ့ ၃ စင်းမြောက် သင်္ဘာလည်း ဖြစ်ပါတယ်။
Source: Reuters











