အမေရိကန်က အီရန်ကို ထပ်မံ တိုက်ခိုက်ခဲ့ရာမှာ ဆီရစ်ခ်မြို့က မင်္ဂလာဆောင်ကျင်းပနေတဲ့ နေအိမ်တလုံး ထိမှန်ခဲ့တာကြောင့် ကလေးတယောက်အပါအဝင် ၄ ယောက် သေဆုံးခဲ့ပါတယ်။
စက်တင်ဘာ ၁ ရက်နေ့ အမေရိကန် ဒုံးကျည်တိုက်ခိုက်မှုကနေ လွင့်စဉ်လာတဲ့ အစအနတွေ ထိမှန်ခဲ့တာဖြစ်ပြီး လူ အယောက် ၅၀ ကျော်လည်း ဒဏ်ရာရခဲ့တယ်လို့ အီရန်လခြမ်းနီအဖွဲ့က ထုတ်ပြန်ပါတယ်။
ဟော်မုဇ်ရေလက်ကြားက ကုန်တင်သင်္ဘောတွေနဲ့ ဒေသတွင်း အမေရိကန်တပ်ဖွဲ့ဝင်တွေကို အီရန်တော်လှန်ရေးအစောင့်တပ်က မကြာသေးခင်က တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့တာကြောင့် ပြန်လည် တိုက်ခိုက်တာလို့ အမေရိကန်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်က အမေရိကန်ဟာ ဒီတိုက်ခိုက်မှုအတွက် “နောင်တရလိမ့်မယ်” လို့ သတိပေးခဲ့ပါတယ်။
အဲဒီနောက် စက်တင်ဘာ ၂ ရက် အစောပိုင်းမှာ ဂျော်ဒန်နိုင်ငံ အကာဘာ (Aqaba) က အမေရိကန် မရိန်းတပ်စခန်းကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ အီရန်က လက်တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။
ဂျော်ဒန်စစ်တပ်က ပဲ့ထိန်းဒုံးကျည် ၁၃ စင်းကို ကြားဖြတ်ဟန့်တားခဲ့ပြီး ၁၀ စင်းကို ဖျက်ဆီးနိုင်ခဲ့ကာ ကျန် ၃ စင်းက လူသူဝေးရာဒေသတွေမှာ ကျရောက်ခဲ့လို့ ထိခိုက်သေဆုံးမှု မရှိဘူးလို့ ဆိုပါတယ်။
အီရန်က အီရတ်မှာရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းတွေကိုလည်း တိုက်ခိုက်ခဲ့ပြီး ကူဝိတ်မှာ လေကြောင်းကာကွယ်ရေးစနစ်တွေ သက်ဝင်ခုခံခဲ့ရသလို ဘာရိန်းမှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကတော့ အီရန်သာ လက်တုံ့ပြန်ရင် “ပိုပြင်းထန်တဲ့အဆင့်နဲ့” ထပ်မံတိုက်ခိုက်မယ်လို့ သတိပေးထားပါတယ်။
ဇွန်လမှာ ချုပ်ဆိုခဲ့တဲ့ အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် သက်တမ်းကုန်သွားပြီးနောက် ၂ နိုင်ငံကြား တိုက်ခိုက်မှုတွေ ပြန်လည်မြင့်တက်လာတာဖြစ်ပါတယ်။











