
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်နေပြီး လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေလို့ ၂ နှစ်အရွယ် ကလေးငယ်တယောက် သေဆုံးခဲ့ရသလို ထောင်ချီတဲ့ ပြည်သူတွေလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပခုက္ကူမြို့နယ် လူထုလှုပ်ရှားမှုကော်မတီ တာဝန်ခံ ကိုစိုးထွဋ်က “ပခုက္ကူ တပ်မ ၁၀၁ ကနေ စစ်ကြောင်း ၂ ကြောင်း ထွက်လာတယ်။ ပထမတကြောင်းမှာ အင်အား ၃၀၀ ကျော်လောက် ရှိတယ်။ နောက်တကြောင်းကတော့ ၁၅၀ ကျော်လောက်ပဲ ရှိတာ။ အဲဒီစစ်ကြောင်းတွေက ပခုက္ကူမြို့နယ်ထဲက ရွာတွေနဲ့ မြိုင်နယ်အစပ်က ရွာတွေကို စစ်ကြောင်းထပ်ထိုးနေတာပါ” လို့ ပြောပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းတွေဟာ ပခုက္ကူ တပ်မ ၁၀၁ ထဲကနေ ဧပြီ ၂၈ ရက်က စစ်ကာအစီး ၂၀ နီးပါးနဲ့ ထွက်လာတဲ့ ပထမစစ်ကြောင်းဟာ အောင်သာ၊ ကမ္မ၊ မြစ်ခြေ၊ ညောင်ပင်လှနဲ့ ဆယ်ပင်စုကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ဧပြီ ၃၀ ရက်မှာ ထွက်လာတဲ့ ခြေလျင်စစ်ကြောင်းကတော့ စိုတွင်း၊ ချောင်းဂွ၊ ဖလံအို ကျေးရွာတွေအပြင် မေ ၃ ရက်မှာတော့ မြိုင်မြို့နယ်ထဲက သင်းပေါင်းကန်ကျေးရွာဝန်းကျင်မှာ အထိုင်ချ တပ်စွဲနေတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ တော်လှန်ရေးရဲဘော်တယောက်က “တပ်မ ၁၀၁ ထဲကနေကော စစ်ကြောင်း ၂ ကြောင်းလုံးကကော ရွာဘက်တွေကို လက်နက်ကြီးတွေနဲ့ အရင်ထုတယ်။ ပြီးတော့မှ ရွာတွေထဲကိုဝင်စီးတာ။ ပစ္စည်းတွေလုတယ်။ နောက်ပြီးတော့ အိမ်တွေကိုမီးရှို့တယ်။ သူတို့ စစ်ကြောင်းထိုးတဲ့ လမ်းတလျှောက် ရွာတွေက ပြည်သူတွေ ထောင်နဲ့ချီပြီး ထွက်ပြေးနေကြရတာ အခုဆို ၇ ရက် ၈ ရက် ရှိနေပြီ။ သူတို့အတွက် စားစရာနဲ့ သောက်ရေသန့်တွေ လိုအပ်နေတာပါဗျ” လို့ DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၂ ရက်နေ့မှာတော့ တပ်မ ၁၀၁ ထဲကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် ၂ နှစ်အရွယ် ကလေးငယ်တယောက် သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
ပခုက္ကူအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ခံက “အဲဒီနေ့ ညနေပိုင်းမှာ တပ်မ ၁၀၁ ထဲကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည်က ၄၊ ၅ လုံးရှိတယ်။ လက်နက်ကြီးကျည်တလုံးက ကျနော်တို့ ပခုက္ကူမြို့နယ်ထဲက အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိတဲ့ မီးသွေးကန်ရွာထဲက အိမ်တလုံးပေါ်ကို အတည့်ကျလို့ အသက် ၂ နှစ်ကျော်လောက်ပဲ ရှိသေးတဲ့ ကလေးမလေးတယောက် ဗိုက်ပွင့်ပြီး ဆုံးသွားပါတယ်။ အသက် ၄ နှစ်လောက်ရှိတဲ့ ကလေးမလေးတယောက်နဲ့ အမျိုးသမီး ၂ ယောက်တို့ကတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရလို့ ဆေးကုသမှု ခံယူနေရပါတယ်။ အဲဒီရွာမှာ တပ်မ ၁၀၁ က စစ်သားအယောက် ၅၀ ကျော်လောက် တပ်စွဲနေတာ ကြာပြီ။ သူတို့ဘက်က တပ်စွဲနေတဲ့ရွာကို သူတို့တပ်ကပဲ လက်နက်ကြီးနဲ့ပစ်တာပါ” လို့ ပြောပါတယ်။
လက်နက်ကြီးနဲ့ ပစ်ခတ်ခံရပြီး နောက်နေ့ မေ ၃ ရက်မှာတော့ မီးသွေးကန်ကျေးရွာမှာ တပ်စွဲနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အဆိုပါကျေးရွာက အမျိုးသား ၇ ယောက်ထက်မနည်းကို အကြောင်းမဲ့ဖမ်းဆီးပြီး ပခုက္ကူရဲစခန်းကို ခေါ်ဆောင်သွားကြပြီး မေ ၄ ရက် ညနေပိုင်းအထိ ပြန်လည်လွတ်မြောက်လာတာ မရှိသေးဘူးလို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက် ညနေပိုင်းမှာ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ထဲကနေ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ဖို့ တက်လာတဲ့ စက်တပ်လေထီးတွေထဲက တစီးကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပစ်ချကာ မီးရှို့ဖျက်ဆီးခဲ့ကြပြီးနောက်ပိုင်း ပခုက္ကူတပ်မ ၁၀၁ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာတွေကို အခုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေနဲ့ မြေပြင်စစ်ကြောင်းထိုးတာတွေ ဆက်တိုက်ပြုလုပ်လာနေတာလို့လည်း ပခုက္ကူအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။