ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ငလျင်လှုပ်ခတ်ပြီးနောက် ရေသန့်ပို့လုပ်ငန်း ရပ်ထားရပြီး သောက်သုံးရေရှားပါးတဲ့အပြင် ရေသန့် တလီတာဘူးကိုလည်း တဘူး ၄,၀၀၀ ကျပ်အထိ စျေးတက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မတ် ၂၈ ရက်ကတည်းက ရပ်နားထားရတာဖြစ်ပြီး သောက်သုံးရေကို အလှူရှင်အပေါ်သာ အဓိက မှီခိုသောက်သုံးနေရပြီး အလှူရှင်မရှိရင်တော့ အင်းရေကို ကျိုသောက်ရတယ်လို့ ပြောပါတယ်။
ဒေသခံတယောက်က “ရေသန့်မပို့တော့ ရေချွေတာသောက်ရတယ်။ ဝယ်မယ်ဆိုလည်း တလီတာဘူးကို ၄,၀၀၀ ကျပ်လေ၊ အရမ်းဈေးကြီးတယ်။ ဒါကြောင့် အလှူရှင်ကို မျှော်နေရတာ။ ရေသန့်ပို့လုပ်ငန်းလည်း မြန်မြန် ပုံမှန်ပြန်လည်ပတ်စေချင်တယ်” လို့ ပြောပါတယ်။
တချို့ရွာမှာ NGO၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အလှူရှင်တွေ လှူထားတဲ့ ရေသန့်စက်တွေ ရှိပေမဲ့ လူဦးရေ များတာကြောင့် လုံလောက်မှုမရှိဘူးလို့ ပြောပါတယ်။
နောက်ဒေသခံတယောက်က “တချို့ရွာက ရေသန့်စက်ရှိတယ်။ ဒါပေမဲ့ ရေသန့်စက်ရှိတဲ့ရွာက ဘေးရွာတွေ တခြားရွာတွေ တူတူလာသုံးတာ၊ ရေလာသယ်တာဆို သူတို့ မကြိုက်ဘူး။ အဲဒါတွေကြောင့် အင်းထဲနေပေမဲ့ ရေက အရမ်းခက်ခဲတယ်” လို့ ပြောပါတယ်။
အင်းလေးဒေသမှာ မတ် ၂၈ ရက်က လှုပ်ခတ်တဲ့ အင်းအားပြင်းငလျင်ကြောင့် ရေသန့်ပို့လုပ်ငန်းအပြင် ကုန်စည်စီးဆင်းမှု အကုန်လုံး ရပ်နားထားလိုက်ရတယ်လို့ ပြောပါတယ်။
ငလျင်ကြောင့် အင်းလေးဒေသ ကျေးရွာ ၂၅ ရွာက အဆောက်အအုံ ၃,၂၅၅ လုံး ပျက်စီးခဲ့ပြီး လူဦးရေ ၁၀၀ ခန့် သေဆုံးကာ ဒီနေ့အထိ အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ထုတ်ပြန်ထားပါတယ်။