DVB Logo
Home
မြန်မာသတင်း
ရခိုင်ကို လူသားချင်းစာနာမှု အကူအညီပေးရန် သဘောတူညီချက် မရသေးဟု ဘင်္ဂလားဒေ့ရှ် ပြော
DVB
·
May 5, 2025
ရခိုင်ကို လူသားချင်းစာနာမှု အကူအညီပေးရန် သဘောတူညီချက် မရသေးဟု ဘင်္ဂလားဒေ့ရှ် ပြော
Donate to DVB

ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကတဆင့် ကုလသမဂ္ဂရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးဖို့ သဘောတူညီချက် မရသေးဘူးလို့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရရဲ့ အမျိုးသားလုံခြုံရေးအကြံပေးက မေ ၄ ရက်မှာ ဘင်္ဂလားဒေ့ရှ် အခြေစိုက် သတင်းဌာနတွေကို ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းကို လူသားချင်းစာနာထောက်ထားမှုစင်္ကြံမှာ နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးမှု မရှိသေးတာကြောင့် သဘောတူညီချက် မရရှိသေးဘူးလို့ ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေး အကြံပေး ခါလီယူရာမန်က ပြောပါတယ်။

“လူသားချင်းစာနာထောက်ထားမှုစင်္ကြံကို ကျနော်တို့ မဆွေးနွေးသေးပါဘူး။ လူသားချင်း စာနာထောက်ထားမှု စင်္ကြံအတွက် ကျနော်တို့မှာ သဘောတူညီချက် မရသေးပါဘူး။ ပါတီတွေနဲ့ ဘာတခုမှ သဘောတူညီမှု မရရှိသေးပါဘူး။”

ဒါ့အပြင် ရခိုင်ကိုပေးမယ့် လူသားချင်းစာနာမှု အကူအညီစင်္ကြံမှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီ နှစ်ဖက်လုံးက သဘောတူညီကြဖို့ လိုအပ်ပြီး အာရက္ခတပ်တော်က မြေပြင်ထိုးစစ် ရပ်တန့်ထားဖို့ လိုအပ်သလို စစ်ကောင်စီကလည်း လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်တန့်ကြဖို့ လိုအပ်တယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်-ရခိုင် လူသားချင်းစာနာမှု အကူအညီစင်္ကြံအတွက် အာရက္ခတပ်တော်နဲ့ ဆက်သွယ်မှုတွေကို ပြုလုပ်ထားပြီး ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ အစားအစာတွေကို ကုလသမဂ္ဂဘက်က စီမံဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေးအကြံပေး ခါလီယူရာမန်က ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်-ရခိုင်ကိုဖြတ်ပြီး လူသားချင်းစာနာတဲ့ အကူအညီစင်္ကြံတခုနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော်နဲ့ အဆက်အသွယ် လုပ်ထားပါတယ်။ ကုလသမဂ္ဂက စီမံဆောင်ရွက်သွားမှာပါ။ လက်နက်တွေမဟုတ်တဲ့ ကယ်ဆယ်ရေးနဲ့ အစားအစာတွေကို ဒီစင်္ကြံကနေတဆင့် ပို့ဆောင်ပေးမှာပါ။”

ဘင်္ဂလားဒေ့ရှ်အနေနဲ့ မြန်မာရဲ့ အချုပ်အခြာအာဏာကို လေးစားပြီးတော့ လက်ရှိ ဆက်သွယ်ထားမှုတွေက ရခိုင်ပြည်နယ်မှာ ပိုမိုလုံခြုံတဲ့ အခြေအနေတရပ်ကို ထူထောင်ရာမှာ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ယုံကြည်နေတာလည်း ဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မတ်လအတွင်းက ရောက်ရှိခဲ့စဉ် ရခိုင်ပြည်နယ်ကို လူသားချင်းစာနာထောက်ထားမှုစင်္ကြံ ဖွင့်ပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013